Onlinespyboy
Would you like to react to this message? Create an account in a few clicks or log in to continue.
Admin

Admin:

Name Christano John Bryan Joseph
Age 18
e-mail onlinespyboy@gmail.com
Website http://friendworld.friendhood.net
နောက်ဆုံးထွက် album 10
Friends World
Latest topics
» မိတ်ဆက်ပါတယ်
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptyWed Feb 08, 2012 10:37 am by nayzawxtet

» BFဆိုတာဘာလဲ
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptyFri Dec 30, 2011 6:20 am by naingkoko

» ကွန်ပျူတာက ကောင်မလေးသို.
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptyFri Dec 30, 2011 5:58 am by naingkoko

» ၀ိဥာဉ်တစ်ကောင်ရဲ့တမ်းချင်း
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptyWed Dec 07, 2011 7:05 am by nayminnmyat

» Format Factory
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptyTue Aug 30, 2011 4:45 am by Admin

» Window XP Start နဲ့  Shutdown မြန်အောင်လုပ်နည်း
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptyWed Aug 10, 2011 4:20 am by Admin

» Window XP ရဲ့ လျိဝှက်ချက် 40
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptyWed Aug 10, 2011 4:16 am by Admin

» Youtube က video များကို Gtalk Chat Box မှာ ကြည့်ရအောင်
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptyWed Aug 10, 2011 3:48 am by Admin

» အင်တာနက်ကွန်နက်ရှင် မြန်လာအောင်
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptyWed Aug 10, 2011 3:40 am by Admin

» Repairing Memory Stick
တိမ်တွေ တောက် တဲ့ ညနေခင်း........ EmptySat Jul 16, 2011 11:36 pm by Admin

Green Tea Restaurant

တိမ်တွေ တောက် တဲ့ ညနေခင်း........

Go down

တိမ်တွေ တောက် တဲ့ ညနေခင်း........ Empty တိမ်တွေ တောက် တဲ့ ညနေခင်း........

Post by Admin Tue Jun 21, 2011 1:58 am

ညနေခင်း ကလေး ဖြစ်သည်။ ညနေခင်း ဆိုသည်မှာ အမှန်တော့ နေ့တစ်နေ့၏ သက်တမ်းရင့် အချိန်ကာလ တိုကလေး တစ်ခုသာဖြစ်သည်။ အလှတရားနှင့် ဘ၀ ဖြတ်သန်းမှု ရင့်မှည့်ချိန် ကာလတို ကလေးတစ်ခု ပေပဲ။ ဒါဟာ ညနေခင်း တစ်ခုရဲ့ လေးနက် ခိုင်မာသော အဓိပ္ပာယ် တစ်ခု ဖြစ်သည်။ ထိုသက်တမ်းရင့် အချိန် ကာလတိုကလေး အတွင်းမှာ အိုမင်းမစွမ်း နိုင်လှသော အဘွားအို တစ်ဦး ငုတ်တုတ် ထိုင်နေခဲ့လေသည်။ ထိုအဘွား အိုတစ်ဦး ထိုင်နေပုံမှာ အပြင်ပန်းအားဖြင့် ငြိမ်သက် နေခဲ့ပေမည့် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် လက်ပစ်ဗုံး တစ်လုံးနှင့်သာ တူညီနေ လေသည်။

မကြာမီ ပြဿနာ တစ်ရပ်သည် ဖြစ်ပွားတော့မှာ ဖြစ်ပြီး ထိုပြဿနာရပ်ကို လည်း ရင်ဆိုင်ရန် အသင့်အနေအထား မှာရှိနေခဲ့ လေသည်။ မျက်နှာတစ် ပြင်လုံးမှာ ဇရာ၏ အရေးအကြောင်း တွေဖြင့် ရွတ်တွနေ ခဲ့ပေမည့် မျက်လုံး တွေက စူးရှတောက်ပ နေကြသည်။ အဘွားကြီးသည် ပျိုမျစ်သည့် အရွယ် ကဆိုလျှင် အင်မတန် စိတ်ဓာတ်ပြင်းထန် ခဲ့မှာ သေချာနေ တော့သည်။ နှုတ်ခမ်းပါး လေးတွေဖြင့် စွာတေးခဲ့သော အပျိုမ ကလေးသည် ယခုအခါ ဇရာထောင်း နေခဲ့သော်လည်း အတွင်းစိတ်က ပြင်းထန်နေဆဲမို့ တစ်ခါ တစ်ရံ ငယ်စိတ်က နှိုးဆွသည့် အချိန်မျိုးဆိုလျှင် သက်ကျားရွယ်အို အဘွားကြီးတစ်ဦးသည် မြွေဟောက် တစ်ကောင်လိုလည်း ပါးပျဉ်ထောင် တတ်ပါသေးသည်။ ရပ်ကွက် ကလေးသည် ကျီးအာသံ၊ မောင်း ထောင်းသံတွေ၊ ခွေးဟောင်သံ တွေဖြင့် ဝေစည် နေသည်။ မန်ကျည်းပင် ထိပ်ဖျားတွေမှာ နေခြည် တွေ စွန်းကွက်နေသည်။ အခြားမီးဖိုခန်း တွေထဲမှ ပြာနှမ်းသော မီးခိုးတွေ တလူလူဝေ တက်လာနေ ခဲ့ပေမည်။

သူတို့ ပိုင်ဆိုင်သော အိမ်ဝိုင်း အတွင်းရှိ မီးဖိုခန်း လေးမှာမူ မီးခိုးတွေ ဝေ့လူနိုင်ခြင်း မရှိသေးပါ။ အမှန်တော့ ချက်ချိန်ပြုတ်ချိန် ရောက်နေခဲ့ပေပြီ။ ကလေးနှစ်ဦးကတော့ ဒါတွေမသိ။ ဇွန်ပန်းချုံအနီးတစ်နေရာမှာ ဖျာကြမ်း လေးခင်းပြီး ပန်းအဖူးလေးတွေကို စိတ် ရှည်ရှည် ထားလျက် အပ်ချည်ကြိုးကလေးတွေဖြင့် သီကုံး နေခဲ့လေသည်။

ထိုအချိန်မှာ ရပ်ကွက်အတွင်းသို့ ရွှေဖိုးခံ ၀တ်အသင်း အလှူခံရန်ဝင်လာသည်။

"အမေကြီးရေ ဦးတော်တွေလာကုန်ပြီ"

ဟုဆိုကာ ပန်းသီနေသော ကလေးနှစ်ဦး ထပြေးသွားသည်။ ရုတ်တရက် အသက်ဝင် လာသလို လှုပ်ရှားသွား သည်။ အိမ်ကုပ်ကလေးထဲသို့ လှမ်းဝင်သွားသည်။ ဆန်အိုးထဲသို့ အယောင်ယောင် အမှားမှား ငုံ့ကြည့်ဖြစ် သေးသည်။ သည်ဆန်အတွက် ခေါင်းမီး တောက်နေရတာကို သတိရသွားသည်။ မထူးချေ။ ခေါင်းအုံးအောက်မှာ ငါးဆယ်တန် တစ်ရွက်ကို လှမ်းနှိုက်လိုက်ပြီး ကြိုးတန်းပေါ် လွှားတင်ထား သော ချည်ကြမ်းတဘက်ကို လှမ်းဆွဲကာ ထွက် ခဲ့သည်။

ဆိုင်းသံ၊ ဗုံသံ၊ နှဲသံ၊ မောင်းသံတွေဖြင့် ညနေခင်း လေးသည် လှုပ်ရှားသက်ဝင် နေသည်။ လမ်းဘေးဝဲယာတွေမှာ သြဇာသီး အာအာကြီးတွေ၊ သလဲသီး နီနီရဲရဲကြီးတွေ လောင်းမည့်သူ တွေအပြင် ဆွမ်းဆန်စိမ်း၊ ငွေစက္ကူ လောင်းမည့် အဒေါ်ကြီး၊ ဦးလေးကြီး၊ အပျိုမတွေဖြင့် စည်ကားနေသည်။ ညနေခင်း၏ နေရောင်ခြည်တွေ နှင့်အတူ ၀တ်အသင်းမှ ၀တ်ဖြူစင်ကြယ် ၀တ်စုံ တွေကို အဘွားကြီး မျက်လုံးထဲမှာ ၀ါးဝါးမှုန်မှုန် မြင်နေရသည်။ ဘုရားထီးဖြူ၊ ရွှေနားကွပ်၊ ငွေ နားကွပ်တွေက ရောင်ပြန်ဟပ်ပြီး တလက်လက် တဖိတ်ဖိတ် မြင်နေရတော့ ရင်ထဲမှာ ကြည်နူးစိတ် နှင့် ဘယ်ကို လွမ်းရမည်မသိ ဖြစ်ပေါ်ခံစား နေရသည်။

" ကိုဘကောင်းရေ အမျှ အမျှ အမျှပါတော်။ ရှင်ကတော့ အေးချမ်းသွားပါပြီ"

လို့ စိတ်ထဲက နေ နင့်သီးစွာ ရေရွတ်မိသည်။ ၀ါတွင်းကာလ ရောက်တိုင်း မမေ့နိုင်စရာ ပုံရိပ်တွေကို တန်းစီ မြင်ယောင်နေမိတော့သည်။ ဟိုးလွန်ခဲ့သည့်နှစ် တွေ၊ နှစ်တွေကို မရေမတွက် နိုင်အောင် နောက် ဆုတ်လိုက်ပါက တစ်ခုသော ၀ါတွင်းကာလမှာ ဖြစ်သည်။ သည်တုန်းက အဘွားကြီး အသက် ငယ်နုချိန် ၁၅ နှစ်ပင် မပြည့်တတ် သေးသည့် အပျိုမလေးတစ်ဦး၊ အပျိုမလေး အေးနု၏ အဖေ က ရပ်ကွက်ထဲမှာ ရပ်ကွက်လူကြီး မဟုတ်ခဲ့ ပေမယ့် ရွှေဖိုးခံဝတ် အသင်းမှာတော့ လူရိုသေ ရှင်ရိုသေ ခေါင်းဆောင်လူကြီး တစ်ဦးဖြစ်ခဲ့သည်။

ဘိုးဘွားတွေ လက်ထက် ကတည်းက ကျင်းပခဲ့သော အဖိတ်နေ့တွေမှာ ရွှေမြင်းတင်မြတ်စွာ ဘုရား ရွှေချပူဇော်ရန် ရွှေဖိုးခံဝတ်အသင်း လှည့် လည်အလှူခံခြင်းနှင့် ဥပုသ်နေ့ မနက်ခင်းတိုင်း မှာ အရုဏ်ဆွမ်းကပ် စသည်တို့ကို နှစ်စဉ် စည် ကား သိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ လက်ဆင့်ကမ်း ရိုးရာ အမွေ တစ်ခုရှိသည်။ ထိုအမွေကို အဖေ သည် တာဝန်ယူ လုပ်ဆောင်နေခဲ့ ရပေသည်။

သို့ဖြင့် . . .
မောင်းဆိုင်းဆရာလေး အင်းရောင်းသား မောင်ဘကောင်းနှင့် မြို့ ကြီးသူအပျိုချော မအေးနု တို့၏ ဇာတ်လမ်းစခဲ့ကြသည်။ ထိုစဉ်က မအေးနု တို့ မြို့ကလေးမှာ (၂၄) နာရီ လျှပ်စစ်မီး လင်းနိုင်ခြင်း မရှိသေးပါ။ စကိုဒါ မီးစက်ဖြင့် ည၀က်စနစ် သာ အလင်းရရှိခဲ့သည်။ မအေးနုတို့ အိမ်အောက် ထပ်မှာ

"အောက်လင်း"

ဓာတ်မီးအိုးကြီး တရှဲရှဲ ထွန်းကားတာကို မမေ့သေး။ ဆိုင်းအဖွဲ့နှင့် ရောက် လာသော မောင်ဘကောင်း သည်လည်း အမှတ် ရနေဦးမှာပါ။ ရေနံချေးတွေ ၀ပြီး၊ ညိုမည်းနေ သော နှစ်ထပ်အိမ် မြင့်ကြီးအတွင်းက မျက်ခွံမို့မို့ လေးတွေ၊ နှာတံစင်းစင်းလေးတွေဖြင့် ပြေးထွက် လာသည့် အေးနုနှင့် ပက်ပင်းဆုံခဲ့ရပုံတွေ၊ ပထမ ပိုင်းမှာတော့ စစ်တဘက် အစိမ်းကြီးကို ပခုံးပေါ် တင်ထားသည့် နက်ခြောက်ခြောက်၊ ပိန်သေး သေး၊ ဆံပင်လိပ် ထောထောနှင့် တောသားဆိုင်း ဆရာလေးကို အထင်သေးသလို ဟန်လေးဖြင့် မျက်ခုံးလေး တွန့်ကြည့်သည်။ ဘကောင်းက လက်ခတ်လေး နှစ်ချောင်းကို ပူးကိုင်ထားရင်း မှင်သက်မိ သွားသည်။

"၀တ်လှည့်ဆိုင်း"

ဆိုတော့ အလှူပွဲလမ်း သဘင်တွေမှာလို ဆိုင်းဝိုင်းအပြည့်အစုံ မဟုတ် ပေ။ မောင်းဆိုင်း၊ ဗုံထောက်နှဲ၊ လင်းကွင်းနှင့် တောက်တီးသူ အချို့သာ။ မြို့အနှံ့ အလှူခံလှည့် စဉ်မှာ ခြေလျှောက်တီးရသည်။ ဘကောင်းတီး မည့် မောင်းဆိုင်းကို ကလေးနှစ်ဦးက ပခုံးထမ်း ပေးထားသည်။ ရှေ့ဆုံးမှ သာသနာ့အလံတော် ကီးကို ကိုင်ထားသူ ကိုဖုန်းမြင့်မှာ မနက် ဆွမ်း တော်စွန့်သည့် အခါမှာလည်း သူပဲတာဝန်ယူပြီး၊ ဘုရားရှေ့က ကျောက်သပိတ်ကြီး ထဲမှာ စွန့်ရ သည်။ သူ့နောက်က ငွေကလာပ်ကို ကိုင်ပြီး ခန့်ခန့်ညားညားကြီး လိုက်လာသူမှာ အေးနုရဲ့ အဖေ။ သူ့နောက်က ကြေးစည်၊ သပိတ်၊ ရွှေ ယွန်းအုပ်၊ ကျိုင်း၊ ဘုရားထီးဖြူ၊ အုပ်နီ၊ မောင်းထု သူ၊ ထို့နောက် ဘကောင်းတို့ ဆိုင်းဝိုင်း။ အဆို တော် အမျိုးသမီး မာလာဆင့်က ဘာသာရေး သီချင်းများကို တစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုရင်း ခြေ လျှောက်လိုက်လာ ရသည်။

ရပ်ကွက် အတွင်းရှိ ရေနွေးသောက်ရန် ဖိတ် ထားသော အိမ်တွေမှာနားရင်း အလှူရှင် ကျေနပ် သာဓုခေါ်နိုင်အောင် ဆုတောင်းစာကို ရွတ်ရသည်။ ပြီးလျှင် ၀တ်အသင်းတစ်ဖွဲ့လုံး သာမက ဆိုင်း ဆရာတွေပါ တညီတညွတ်တည်း "သာဓု" သုံး ကြိမ်ရွတ်ဆိုရင်း သီချင်းတစ်ပုဒ် တီးကြပြီး ပြန်လည် ထွက်ခွာ ခဲ့ကြရသည်။ တစ်မြို့လုံး အနှံ့ အပြား လှည့်လည်သွားလာ ရသည်ဆိုတော့ ဘကောင်း ခြေထောက်တွေ ညောင်းညာကိုက်ခဲ နေသည်။ ဒါပေမယ့် အေးနုတို့ အိမ်မြင့်ကြီးဆီ ရောက်ရှိသည့်အခါ အပေါ်ထပ် ၀ရန်တာမှာ ရပ်နေ မည့် အေးနုကို မျက်လုံးလေး တစ်ချက်ဝေ့ကြည့် ခွင့်ရလျှင်ပင် ဘကောင်းအမောပြေပြီ။ တီးကွက် မမှားအောင် မောင်းဘုလေးတွေအပေါ် လက်ခတ် ကလေးဖြင့် ဂရုတစိုက် တီးခေါက်နေရ သည့်တိုင် မျက်လုံးတွေက အေးနုထံ မခွာချင်သေး။

"အေးနု ရေ ဆိုင်းဆရာတွေ လာပြီဟေ့"

ဟူသော အသံ နှင့်အတူ ကျယ်ဝန်းသည့် အေးနုတို့အိမ်ဝိုင်းထဲ မှာ ဖျာတွေအပြည့် ခင်းထားတာကို တွေ့ရသည်။ ရပ်ကွက်ထဲမှာ လာပို့ထားသော ရေနွေးပွဲတွေ အစီအရီ။ ဘကောင်းတို့ ဆိုင်းအဖွဲ့မှ တီးလုံးကို ရပ်ဆိုင်းလိုက်ပြီး ဆိုင်းပစ္စည်း တွေကို အေးနုတို့ အိမ်ကြီးရှိ ကွပ်ပျစ်ပေါ်မှာ စနစ်တကျ သိမ်း ဆည်း လိုက်ကြသည်။

"ကဲ ဆရာတို့ အမောဖြေရင်း ရေနွေးလေး သုံးဆောင်ကြပါဦး"
"မဆိုးဘူး လှူဖွယ်ပစ္စည်းတွေ လှလှပပ ရသားနော်"
"အမယ် ရွှေဖိုးငွေကလည်း မနည်းမနော နေမှာ၊ ဟိုမှာ လူကြီးတွေ မျက်နှာစုံညီ ရေတွက် နေကြတယ်"
"ဟ မောင်ဘကောင်း အမောပြေ ရေနွေး ကြမ်းလေး သောက်ဦးလေ။ ထိုင် ထိုင်"

အမှန်တော့ မောင်ဘကောင်း အမောပြေ သွားပါပြီ။ ရေနွေးသောက်စရာ မလိုတော့ချေ။ အေးနုနှင့် အပျိုမလေးတွေ ရေနွေးတွေလာဖြည့်၊ အမြည်းခွက်တွေ လာချတော့ အေးနုမျက်နှာကို အနီးကပ် ကြည့်ခွင့်ရသွားသည်။ သနပ်ခါးသင်း ရနံ့ ယဉ်စစလေးက ဘကောင်းနှာဖျားတို့ထိ သွားသည်။ ဘကောင်းအားငယ်စိတ်ဖြင့် မလုံလဲ စွာ နောက်ဆုတ်လိုက်မိသည်။ သူ့ထံက ချွေးနံ့ တွေက မအေးနုကို အနှောင့်အယှက်ပေးမိသလို ဖြစ်နေမလား။ အတွေးမဆုံးလိုက်ချေ။ ဘကောင်း ခြေသလုံး ရေနွေးပူတွေ လောင်သွားသလို

"အို မတော်လို့ပါရှင်။ ကန်တော့နော်"

လို့ အေးနု အသံ ကြားလိုက်ရသည်။ နှဲဆရာ ဘကြီးသိန်း ပြောသည့်
"ရှက်ဝမ်းသာစရာကြီး" ဆိုတာ အဲဒါ နေမှာ ဆိုသည်မှာ အမှတ်ရလိုက်သေးသည်။
အမှန်တော့ . . .။

ထိုနေ့ညက အေးနုလည်း အိပ်မပျော်ခဲ့ပေ။
လင်းကြက် တွန်သံနှင့်အတူ နိဗ္ဗာန်ဆော် ကြီးကိုအောင်လှိုင်၏ ဆွမ်းချက်နိုးသည်အထိ ဆံပင်လိပ်ထောထောနှင့် ဆိုင်းဆရာလေးကို မြင် ယောင်နေဆဲပင် ရှိသည်။ သနားစိတ်နှင့် အစ်မ စောသန်းကို ဖွင့်ပြောမိတော့ မနက်အရုဏ်ဆွမ်း ကပ်လိုက်ဖို့ ဇွန်ပန်းသီနေသည့် အစ်မစောသန်း က နှုတ်ခမ်းကို တွန့်ဆပြုံးရင်း ခွန်းတုံ့မပြန်။ "အစ်မနော် ရှင်ဘာဖြစ်နေတာလဲ" လို့ သူက နှုတ်ခမ်းပါးလေးကို အားယူချွန်မြပြောလိုက် သည်။
"ဓာတ်ရှင်ဇာတ်လမ်းအစကို သွားအမှတ် ရလို့ပါ အေးနုရယ်"
တဲ့လေ။ အေးနု မျက်လုံး လေးတွေ စူးရှဝိုင်းလက်သွားသည်။

"ဟော် အစ်မစောသန်းကြီး အတော်အားနေ"
လို့ ပြောပြီး လှေခါးမြင့်မြင့်ကြီး အတိုင်း ဘာရယ်မဟုတ် အိမ်ပေါ် ပြေးတက်ခဲ့သည်။ နဖူးစာ ရွာလည်ဟု အေးနုကြားဖူးသည်။ ယခုတော့ နဖူးစာက မြို့ကို မျက်စိလည် ရောက်လာခဲ့ချေ သည်။ အသားညို ပြေပြေလေးနှင့် နူးညံ့လှသော ဆိုင်းဆရာလေးသည် (၁၀) တန်းအောင်ပြီး ကျောင်းဆရာ ဖြစ်သွားခဲ့သည်။ သူ စွဲလမ်းတပ် မက်ခဲ့သော မြို့ကြီးသူ မာနအိုးမလေးကို အနွံ အတာခံနိုင်ခြင်းဖြင့် အနိုင်ယူခဲ့သည်။

သြော် ယခုတော့လည်း အေးသီဆိုသည့် သမီးလေးတစ်ဦးနှင့် သူ့ကိုကျောခိုင်း သွားရှာခဲ့ပြီ။ ဘ၀ဆိုတာ ရထားပေါ်မှာ အိပ်ငိုက်မိသလိုပါ လား။ ကိုယ်အိပ်ငိုက် လိုက်မိသည်မှာ တဒင်္ဂဟု ထင်မိသည်။ လန့်နိုးပြီး ရထားပြတင်းပေါက်မှ ပတ်ဝန်းကျင်ကို သတိထား ကြည့်လိုက်တော့ ဘူတာမြောက်မြားစွာ ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်နေ ပြီ။ ဘ၀နှင့် အချိန်ဆိုတာ ဒါပဲ ဖြစ်သည်။

အချိန်တွေ ပြောင်းလဲသည်နှင့် အမျှ အခြေ အနေတွေလည်း ပြောင်းလဲနေခဲ့သည်။ ဟိုတုန်းက အေးနုအမေ ပြောပြခဲ့ဖူးသည်။ သူတို့ အပျို ဘ၀တုန်းကတဲ့။ အခုလို အရုဏ်ဆွမ်း ကပ်ပြီး လို့ ဆွမ်းတော်ပွဲတွေကို ဘုရားရှေ့က ကျောက် သပိတ်ကြီးထဲကို စွန့်သည့်အခါ ဟိုးချောင်းမကြီး ရဲ့ မြောက်ဘက်ကမ်းပါးရှိ "တိုက်ရာပေါ် " ကုန်း တောနက်ကြီး ထဲကနေ အင်မတန် ကြီးမားတဲ့ မြွေကြီးတစ်ကောင်ဟာ တရွေ့ရွေ့ ဆင်းလာပြီး ကျောက်သပိတ် ကြီးထဲက ဆွမ်းတွေ၊ သစ်သီး တွေ၊ မုန့်တွေကို လာစားသတဲ့။ စားပြီးသည့် အခါ တိုက်ရာပေါ်ကုန်းဘက်ဆီ တလွန့်လွန့်နှင့် တက်သွားပါသတဲ့။ ပုံပြင်ဆန်သည့် အဖြစ်သနစ် ကလေးပေါ့။ နောက်တော့ ကလေးတွေပဲ တပျော်တပါး လုယက် စားသောက်ကြသည်။ မြွေကြီးကား ပေါ် မလာတော့ချေ။

နောက်တော့ ကလေးတွေပင် လုမစားရ တော့ပေ။ မလင်းခင်ကတည်းက ဘုရား ရင်ပြင် ပေါ်မှာ ငုတ်တုတ် ထိုင်စောင့်နေသည့် သူတောင်းစား အိုကြီးထံ ပါသွားပြီ။ ပြောရဦးမည်။ ဟိုတုန်းက အရုဏ်ဆွမ်း ကပ်မသွားခင် ကိုဘကောင်းတို့ ဆိုင်းအဖွဲ့က ဘုရားဂုဏ်တော်ဖွဲ့ သီချင်းကြီး၊ သီချင်းခန့်၊ ကြည်နူးဖွယ် တီးလုံး တစ်ပုဒ် တီးရ သည်။ ဥပုသ်နေ့ မနက်ခင်း အိပ်ရာထဲ ကနေပြီး နှဲကြီးသံ လေးတွဲ့တွဲ့ကြီး နားထောင်ရသည့် လေး နက်ကြည်နူးမှုတွေ၊ ဘာသာရေး ပွဲလမ်းသဘင် တစ်ခုရဲ့ ရိုးရာအမွေ၊ ကျက်သရေ ရှိမှုတွေပဲလေ။ မောင်းထုသံ ကြီးကလည်း ရင်ထဲထိအောင် တုန်ခါ လို့ပေါ့။

ယခုတော့ ၀တ်အသင်းမှာ ဆိုင်းအဖွဲ့ပင် မပါတော့ချေ။ ကက်ဆက်ကလေးကို စက်ဘီးကယ်ရီယာခုံပေါ် တင်ပြီး အော်လံနှင့် ဖွင့်သွားတာဆိုတော့ စက် ဖွင့်သံ ရှီးရှီးရှဲရှဲ နှင့်အတူ ပြာခြောက်ခြောက် တီးလုံးသံလေးကိုသာ စိတ်ပျက်ဖွယ်ရာ ကြားနေ ရသည်။ ဟိုတုန်းကလို မဟုတ်တော့ဘူး အမေ ကြီးရဲ့။ ဆိုင်းငှားခ ကလည်း မတတ်နိုင်ဘူး။ အရင် ဆိုင်းဆရာတွေလို အရုဏ်ဆွမ်းကပ်လိုက်ဖို့ ဒီမှာ လာပြီး ညမအိပ်နိုင်ဘူးတဲ့။ အစဉ်အလာ မပျက်အောင်သာ လုပ်နေရတာ အမေကြီးရဲ့။ အရင် လို ဆွမ်းတော်ကြီးကပ်လိုက်တဲ့သူက သိပ်မရှိ တော့ဘူး။ မစည်ကားတော့ဘူး။ ဘုရားရေ အဲဒါ ဘယ့်နှယ်လုပ်ကြမတုန်း။

ထိုစဉ်မှာ။
အဘွားကြီး၏ သမီးဖြစ်သူ ဒေါသကုမ္မာရ မင်းသမီး အေးသီမ ဒေါကြီးမောကြီး ရောက်လာ သည်။ ထုံးစံအတိုင်း ပါးစပ်က ညည်းညူသံတွေ နှင့်အတူ မကျေနပ်ချက် တွေက ပန်းဘဲဖိုထဲက မီးပွားတွေလို တဖွားဖွား လွင့်စင်လာနေသည်။

"ငါ့မှာသာ အချိန်တန်ရင် ထမင်းအိုးခွံ ပေါ်ရောက်ဖို့ ကြက်ယက်သလို ရှာလိုက်ရတာ အမော၊ အခုထိ စားဖို့မပြောနဲ့ ဆန်ကျိုးတစ်စေ့မှ ရှာမရ သေးဘူး။ ဟိုကောင်လေး။ ပြန်လာရင် တံမြက် စည်းကျိုးအောင်ကို ရိုက်ဦးမှာ။ ကြည့်နေတာ ကြာပြီ။ မဟုတ်တာ ညနေကျောင်းတော့ မတက် ဘူး။ ၀တ်လှည့်လိုက်သွားသတဲ့"

လို့ ဒေါသ တကြီး ပြောနေသည့် အေးသီမ မျက်နှာကို စူးစူး နစ်နစ် ကြည့်ပစ်လိုက်သည်။

"ငါ့မြေး ကျော်ဆန်း ဦးနဲ့ ဆန်ရှာမရတာနဲ့ ဘာဆိုင်သတုန်း အေးသီမ ရဲ့။ ညည်းဟာက မြွေကက်မနိုင် ကျီမီးနဲ့ရှို့။ ညည်း လင် ငမူးတော့ ညည်းဘာတစ်ခွန်း ပြောရဲ သတုန်း။ ငါ့မြေး အသားထိကြည့် အေးနုတဲ့ဟဲ့"

လို့ အသံကို မြှင့်တင်ပြီး အော်ပြောချလိုက်သည်။

ပြဿနာကတော့ ချောင်းဦး ပေါက်သလို အလုံးအရင်းနှင့် ပြေးဝင်လာ နေပြီထင်သည်။ သား အချစ်၊ မြေးအနှစ်တဲ့လေ။ မြေးလေး ကျော်ဆန်းဦး က အဘိုးကြီး ကိုဘကောင်း စိတ်ဓာတ်နှင့် အလွန် တူသည်။ ဆိုင်းကိုလည်း ၀ါသနာပါသည်။ ဆိုင်း ဆရာကြီး တက်ခေတ်ရွှေခေါ် ဦးစိန်ပေခိုထံ သံပတ္တလားနှင့် သီချင်းတက်နေသည်မှာ ဝေဘာ ဂီရိဆင် ကြိုးပင်ရနေပြီ။ ထိုအချိန်မှာပင် မြေး တော်မောင် ကျော်ဆန်းဦး ရောက်လာသည်။ လွယ်အိတ်ကို စလွယ်သိုင်းပြီး လက်ထဲမှာ အထုပ် တစ်ထုပ်ပွေ့ပိုက်လျက်။

"ကျော်ဆန်းဦး လာခဲ့စမ်း၊ ကျောင်းတော့မလိုက်ဘူး မဟုတ်က ဟုတ်က ဒီဝတ်လှည့်ကြီး လျှောက်လိုက်နေလို့ အားကြီး ကြီးစာတတ်ပါ လိမ့်မယ်။ ဒီတစ်ခါတော့ ငါလက်ပိုက် ကြည့်မနေနိုင်တော့ဘူး။ သွား သွား တုတ် ကောက်ခဲ့။ ရှာရဖွေရတာက တစ်ဖက်၊ သင်း ကိစ္စက တစ်ဖက်နဲ့"

ဆိုသည့်အသံက မိုးကြိုးထစ် သလို မြည်ဟိန်း ထွက်လာသည်။

အဘွားကြီး သည်လည်း မြွေဟောက်တစ် ကောင်လို ပါးပျဉ်းခွက် သွားပါ၏။ အဘွားကြီးက နှုတ်ခမ်းပါး တွေကို အားယူချွန်မြပြီး ပြောချလိုက် မည်ဟု ဟန်ပြင်ဆဲ။


"အမေရယ် ကျောင်းကလည်း ညနေ ဖွံ့ ဖြိုးရေးချိန်နဲ့လေ။ ၀တ်အသင်းကလည်း လူ နည်းနေလို့ ဥက္ကဋ္ဌ ကိုယ်တိုင်ခေါ်တာနဲ့ လိုက် သွားမိတာပါ"
လို့ ကျော်ဆန်းဦးက အထုပ် ကလေး ပွေ့ပိုက်ထားရင်း ဆက်ပြောပြန်သည်။
"အမေ ဒါ ၀တ်ဆန်လေ၊ ၀တ်လှည့်လိုက် တဲ့ သူတွေကို ဆန်တစ်ပြည်စီ ပေးတာလေ။ ဆန် တစ်ပြည်ဆို နည်းသလားအမေရာ"

ဆိုသည့် ကျော်ဆန်းဦး အသံကြောင့် အဘွားကြီး မျက်လုံး အစုံ ပြူးကျယ်သွားသည်။ အေးသီမပင် မျက်ခုံး တွန့်သွားမည် ထင်သည်။
"သွား ဒါတွေ ငါ့ လာ ပြောမနေနဲ့။ ပညာရေးထက် ဘာမှ တန်ဖိုး မရှိဘူး အသာနေ မင်းဆန်လည်း ငါမမက်ဘူး။ သွား သွား ဆန်ကောထဲ ဆန်လေးဘူး ခြင်ထည့် ခဲ့။ အချိန်မရှိဘူး"

လို့ ပြောလိုက်သည့် အေးသီမ လေသံပြောင်းသွားပုံကို ကြည့်ပြီး အဘွားကြီး နှုတ်ခမ်းတွန့် ပြုံးဖြစ်သွားသည်။
"ပညာရေးထက် ဘာမှ တန်ဖိုးမရှိဘူး"
"အသာနေ မင်းဆန်လည်း ငါမမက်ဘူး"
အဘွားကြီး နားထဲမှာ ဆက်ကာ ဆက်ကာ ကြားနေရသည်။ အဲသည်စကားကို အေးသီမ ယုံကြည်မှု အပြည့်နှင့် ပြောတာ ဟုတ်ပါ့မလား။ ဟုတ်သည် မဟုတ်သည် အပထား စစ်ပွဲတစ်ခု ကတော့ အေးချမ်းငြိမ်သက်စွာ ပြီးဆုံးလို့ သွား ပေါ့။ အတန်ကြာသော အခါ ၀တ်ဆန်တွေ ထည့်ချက်ထားသည့် ထမင်းအိုး အောက်ဘက်ရှိ မီးဖို မှ မီးခိုးတွေ အူတက်လာ နေတော့သည်။

အနောက်ဘက် မိုးကောင်းကင် ကြီးကတော့ တိမ်တွေ ကောက်လျက် ရဲရဲနီနေပေ သေးသည်။ သူတို့ပိုင်ဆိုင်သော မီးဖိုခန်း ရိုင်ရွဲရွဲလေးမှ လူးလူး လွန့်လွန့် ဝေ့တက်လာသော ပြာနှမ်းနှမ်း မီးခိုးတွေ က ဝေ့ကာဝိုက်ကာဖြင့် နီရဲနေသော တိမ်တွေ ကို နောက်ခံကားပြုပြီး လွင့်တက်လာပုံမှာ ကနုတ်ပန်းခက် ကလေးတွေလိုပဲ ကြည့်လို့ပင် ကောင်းနေသေးတော့။





ညီညီအောင်(မြိုင်မြို့)
(ပေဖူးလွှာ မဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၁)

ပေဖူးလွှာ
Admin
Admin
Admin

Posts : 53
Join date : 2011-01-31
Age : 31
Location : Yangon,Myanmar

http://friendworld.friendhood.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum