Admin
Admin:
Name | Christano John Bryan Joseph |
Age | 18 |
onlinespyboy@gmail.com | |
Website | http://friendworld.friendhood.net |
နောက်ဆုံးထွက် album 10
Friends World
Latest topics
Green Tea Restaurant
မတူညီသောစမ်းအင်ထု
Onlinespyboy :: ၀တ္ထု
Page 1 of 1
မတူညီသောစမ်းအင်ထု
"အဲဒီအထဲမှာ ဘာရှိနေလို့လဲ မေမေ"
မေမေက ဘေးဘီဝဲယာ လှည့်ပတ် ကြည့်လိုက်ရင်း တီးတိုးလေသံ ဖွဖွဖြင့်
ပြောပြသည်။ ဖေဖေနှင့် မေမေ မင်္ဂလာ ဆောင်တုန်းက ဖေဖေ့ ငယ်ချစ်ဦး လက်ဖွဲ့တဲ့
ပန်းအိုးလေး သိမ်းဆည်း ထားသည့် အကြောင်းပင်။ မေမေ့ဘက်ကတော့ ဘယ်လို
နေသည်မသိ။ ကျွန်မကတော့ ဖေဖေ့ကို အဖြစ် သဲရန်ကောဟု ထင်မိသည်။ အလှူတွေ
ဘာတွေလုပ်မှ ထိုပန်းအိုးလေးကို အခန်းထိပ်တွင် နှင်းဆီအ၀ါ ရောင်ထိန်ထိန်
လေးတွေနှင့် ဖေဖေ အလှ ဆင်ထားတတ်သည်။ ဖေဖေက မေမေ့ထက် အသက် များစွာကြီး
ငယ်သလို မေမေ့ကိုလည်း အနိုင် ယူချင်သေးသည်။ မေမေကတော့ ဖေဖေ ဘာပြောပြော
ပြုံးပြုံးလေးနှင့်သာ အပြုံးတစ်ချက် ပျက်မသွား။
မေမေ ဖေဖေ့ကို
ချစ်တဲ့ အချစ်ကို ကျွန်မ အံ့သြစိတ်ဖြစ်မိသည် အထိ ဖေဖေကတော့ သူအလိုမကျလျှင်
မျက်နှာကြီး သုန်မှုန်လို့ စာအုပ်တစ်အုပ်နှင့် ငြိမ်နေ တတ်သည်။ မေမေ့
အပေါ်လည်း သည်းသည်း လှုပ်လှုပ်ကြီး ဖြစ်လို့ မနေပါ။ ဖေဖေ့ရဲ့ အေးစက်
ခြင်းတွေကို မေမေဘယ်လို နှလုံးသားနဲ့ ခံယူ နေသလဲ ကျွန်မ မတွေးတတ်အောင်ပင်။
မနက် မိုးလင်းပြီ ဆိုတာနဲ့ ဖေဖေကြိုက်တဲ့ ကြက်ဥ ထမင်းမွှေကြော်၊ အိုဗာတင်း
တစ်ခွက်၊ မုန့်တစ်ခု၊ နေ့လည်နေ့ခင်း ထမင်းပွဲက တစ်မျိုးထက်မက စုံလင်
လွန်းလှသည်။ ငါးပိနံ့ မခံနိုင်သော ဖေဖေနှင့် ငါးပိ အရမ်းကြိုက်တတ်သော မေမေ
သုံးနှင့်လေး၊ ငါးနှင့်ခြောက်ပမာ၊ ဖူးစာရေးနတ်ပဲ မြှားပစ် လွဲခဲ့လေသလား။
ကျွန်မ မသိတော့။
"သမီးဖေဖေက သူ့ရဲ့ ချစ်ဦးသူ မေသဇင်ကို သတိတရ
ရှိတုန်း သမီးရဲ့။ မေသဇင်ကတော့ ကံကောင်းပါတယ်ကွယ်။ လူကို
မပိုင်ဆိုင်ရပေမယ့် မောင့်ရဲ့ အချစ်ကို သူတပုံကြီး ရရှိခဲ့တာပဲ"
မေမေ့ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ များ ရှိနေမလားလို့ အကဲခတ်မိသေးသည်။
မေမေ့ သွင်ပြင်က ရင့်ကျက်လွန်းသည်လား၊ နားလည်မှု စွမ်းအား မြင့်လွန်းသည်လား
မပြောတတ်၊ မျက်ရည်တွေ ရှိမနေ။
"အဲဒီ မေသဇင်ဆိုတာ တော်တော် ချောလို့လား မေမေ၊ မေမေ့ထက် ချောလားဟင်"
"ချောတာပေါ့ သမီး ဖေဖေနဲ့ ရွယ်တူလေ၊ သွက်တယ် စကားပြော ကောင်းတယ်"
"သူ ခုထိ ရှိသေးလား မေမေ"
"သူလည်း အိမ်ထောင် ကျပြီးကတည်းက ပျောက်သွားတာ ခုထိပဲ ဆိုပါတော့"
"ဟို ပန်းအိုးလေးက သူကိုယ်တိုင် လက်ဖွဲ့ တာလားဟင်"
"ဟုတ်တယ် သမီး"
ပန်းကနုတ်တွေနှင့် ကျောက်ခက် ကျောက်နွယ်လေးသဖွယ် အဖြူရောင်
ထိုပန်းအိုးလေးကို ကျွန်မ အလှူတုန်းကသာ မြင်တွေ့ဖူးခဲ့တာ ဖြစ် သည်။
အဲဒီနောက်ပိုင်းမှာတော့ ပန်းအိုးလေး ခမျာလည်း ဟောင်းနွမ်းနေတဲ့
ဗီရိုကြီးထဲမှာ ပျင်းရိစွာနေနေ ရရှာသည်ပေါ့။
"ယောက်ျားဆိုတာ မျက်နှာ
များချင်တာ မျိုးဟ၊ ခုခေတ်က မိန်းမ တစ်ယောက်မှာ ပိုင်ဆိုင်တာ ဘာရှိလဲ
ဆိုပြီး ချစ်ရေး ဆိုကြတာ။ တိုက်ရှိရင်၊ ကားရှိရင်၊ ငွေရွှေ ရှိရင်
မယ်ကုဝဏ်လို ရုပ်ဆိုးနေ ပါစေ။ ယူကြတာပဲ။ သစ္စာဆိုတာ စာမျက်နှာပေါ် မှာပဲ
ရှိတာ။ နင်လည်း ယောက်ျားယူရင် ကြည့်ယူ ဒီလူဟာ ကိုယ့်ကို မေတ္တာစစ်နဲ့
ချစ်တာလား၊ ငွေမက်လို့ ယူတာလား ဆိုတာကို"
နီချိုက သူမ
ခံစားချက်များကို သူမအား ပြောပြသည်။ နီချို့ချစ်သူက သူ့ထက် အသက် အများကြီး
ကြီးတဲ့ မိန်းမကို ယူသွားသည်ကိုး၊ နီချို့ ရင်ထဲက ခံစားချက်၊ ချစ်ခြင်း၊
မုန်းခြင်းတို့ကို ကျွန်မက အနီးကပ်ဆုံးမို့ ထင်သည်။ ပိုမို သရုပ်
ခွဲတတ်လို့။
"နင် သူ့ကို သတိရ နေတုန်းမို့လားဟင်"
နီချို့ရဲ့
မျက်ဝန်းတွေက အရောင်စဉ် ဖြာတဲ့ အလင်းတန်း တစ်ခုလို၊ နီချိုရဲ့ မျက်ဝန်းမှာ
အမုန်း တစ်ဝက် အချစ်တစ်ဝက် ရှိလို့ နေမလား၊ ကျွန်မ အပြေးအလွှား
အကဲခတ်မိသည်။ နီချို့ရဲ့ နှုတ်ခမ်း ဖူးဖူးလေးဟာ ခပ်လွင့်လွင့်
အပြုံးတစ်ခုကို တပ်ဆင်လို့။
"အချစ်ရဲ့ တစ်ဖက်မှာ အမုန်း ရှိသလို အမုန်းရဲ့ တစ်ဖက်မှာလည်း အချစ်ရှိတယ် ဇင်သူ။ ငါ သူ့ကို မုန်းလျက် ချစ်နေဆဲပါပဲ"
နီချိုရဲ့ ချစ်ဦးသူလို ယောက်ျားများစွာ လောကထဲမှာ ရှိနေမှာပါ။ ဖေဖေ့လို
လူမျိုးရော မရှိနိုင်ဘူးလား။ ရှိနိုင်မှာပါ။ ဇနီး တစ်ယောက်ထက် ချစ်ဦးသူကို
တမ်းတ နေတတ်တဲ့ ယောက်ျား မျိုးပေါ့။ ကျွန်မရဲ့ နာမည်ကိုတောင် ဖေဖေက
ဇင်သူမေလို့ ပေးထားတာပဲ ကြည့်ပေါ့။ ဖေဖေ ကြိုးဆွဲရာ ကတတ်တဲ့ ရုပ်သေးရုပ်လေး
မေမေက ကျွန်မရဲ့ နာမည် အတွက်လည်း သ၀န်တိုဖို့ မေ့နေသည့် ပုံပါ။
ကံ့ကော်တွေက နွေဦးရာသီကိုတောင် သောင်းသောင်းဖြဖြ ကြိုဆိုလို့နေသလို
ကျွန်မတို့ ခြံဝင်းတစ်ခုလုံး ကံ့ကော်ပင်တွေ ချည်း၊ မေမေ ကတော့ ဖေဖေ
စိုက်ထားတာဟု ဆိုသည်။ လေ အဝှေ့မျာ လွင့်ဝဲကျလာတဲ့ ကံ့ကော်ပန်းခြောက်
လေးတွေကို ကျွန်မ လိုက်ကောက် နေမိသည်။ ၀တ်ဆံ မှုန်ဝါ၀ါလေး တွေက သနပ်ခါးနှင့်
အတူ ကျွန်မ တစ်ကိုယ်လုံးကို ပေါ့ပါးလန်းဆန်းလို့ နေစေသည်။ ကျွန်မတို့
အပင်က အပွင့်တွေက ပြန့်ပြန့်ကားကား ကြီးတွေနှင့် အရမ်းကို လှသည်။
တစ်ပွင့်ထိုး ပန်လိုက်တယ် ဆိုရင်ဖြင့် ခေါင်းထက်မှာ ၀င့်ကြွား လှပလို့။
ဖေဖေသည် ကံ့ကော်ပန်း တွေကို မိန်းမသား ဖြစ်သော မေမေ့ထက် ပိုကြိုက်သည်ဟု
ကျွန်မထင်မိသည်။ အပင်ထက်တွင် ဝေနေသော ကံ့ကော်တွေကို မော့ကြည့်ပြီး ဖေဖေ
ပြုံးနေတတ်တာ ကျွန်မ အကြိမ်ကြိမ် တွေ့ဖူးခဲ့သည်။ အတိတ်က အရိပ်အယောင်တွေမှာ
ကံ့ကော်ပုံပြင်တွေ ပါဝင် ပတ်သက်ဖူး ပါလိမ့်မည်။ ကံ့ကော်တွေမှာ
ဒေါ်မေသဇင်ရဲ့ မြတ်နိုးခြင်းတွေ ကပ်ငြိနေမလား၊ အရွက်စိမ်းစိမ်းတွေက ဖေဖေ့
အဖြစ်ကို ကိုယ်စား ပြုနေသလား။ ကျွန်မ အတွေး တချို့ကို သေသပ်စွာ
ထုပ်ပိုးမိနေသည်။
"သမီးဖေဖေ မေမေ့ကို ယူခဲ့တာ သူ့ မိသားစု
အတွက်သမီး။ သူဟာ မိဘ မောင်နှမသားချင်းတွေ အတွက် သူရဲကောင်း
တစ်ယောက်ဖြစ်ခဲ့ပေ မယ့် မေမေ့ အတွက်တော့ အနှစ်မပါတဲ့ အခွံချည်း ပါပဲ။
အငယ်တွေကို ငဲ့ပြီး သူမေမေ့ကို လက်ထပ်ခဲ့တာ။ မေသဇင်နဲ့ သူ့အတွက် မေမေဟာ
ဗီလိန် တစ်ယောက်ဆိုလည်း မမှားပါဘူးကွယ်။ ဒါကြောင့် မေသဇင့်ကို သူ့ဘက်က
သတိရ နေနေ၊ လွမ်းဆွတ်နေနေ မေမေ မတုန်မလှုပ်ဘဲ နေနေနိုင်တာပေါ့"
ခေတ်ကာလတွေ ဘယ်လိုပဲ ပြောင်းလဲ လှည့်ပတ်နေပါစေ။ ချိုရီလို ချစ်သူမျိုး၊
ဖေဖေလို ယောက်ျားမျိုး၊ မေမေ့လို မိန်းမမျိုး ရှိနေဦးမှာပါ။ ကျွန်မကတော့
အချစ်ဆိုတာ ဘာလဲလို့ စမ်းတ၀ါးဝါး ဖြစ်နေတုန်း၊ ကျွန်မ ရုံးသွား ရုံးပြန်
တစ်နေရာက ထိုင်ငေးနေတတ်တဲ့ ကောင်လေး ကို မတွေ့ရရင် တစ်မျိုးလေး ဖြစ်မိတာ
အချစ် လား။ ရွယ်တူ သူငယ်ချင်းတွေ စာပေးတာကို ဖတ်ရလို့ ခံစားရတဲ့ အရသာဟာ
အချစ်လား၊ ကျွန်မ မျက်ဝန်းတွေနဲ့ မဆုံဆုံအောင် လိုက်လိုက် ကြည့်တတ်ပြီး
ကျွန်မအတွက် အပြုံးတွေ ခဏခဏ ခြွေချ ပေးနေတဲ့ ရုံးက လူပျိုကြီးရဲ့
သွင်ပြင်ဟာ အချစ်ဆိုတာလား။ ဟင့်အင်း ကျွန်မ ဘာမှ မသိသေးဘူး။ သိလည်း
သိချင်တယ်။ မသိလည်း မသိချင်သေးဘူး။ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်လို
ဆင်ဆိုတာ ဒါလားလို့ ယောင်ယမ်းမှန်းဆ မိတဲ့ အဖြစ်မျိုး၊ အချစ်ဆိုတာ
စိတ္တဇနာမ်ပေမယ့် လူသားအားလုံးကို အပြောင်း အလဲ ဖြစ်စေတယ်လို့တော့ ကျွန်မ
ထင်မိတယ်။ ကျွန်မဆီ ရောက်လာမယ့် အချစ်ဆိုတဲ့အရာဟာ ဘယ်လိုမျိုး
ဖြစ်နိုင်မလဲ ကျွန်မ မမှန်းဆတတ်ပါ။
ကျွန်မကို ချစ်မယ့်သူဟာ
ဖေဖေ့လို လူမျိုး လား၊ နီချို့ ချစ်သူလို လူမျိုးလား။ ကျွန်မကရော
မေမေ့လို မိန်းမ ဖြစ်လာမလား။ ဒေါ်မေသဇင်လို မိန်းမမျိုး ဖြစ်မလား။ ကျွန်မ
အနာဂတ်ကို ကောင်းစွာ ဟောကိန်းမထုတ်နိုင်ပါ။ သေချာဆုံး အရာကတော့ မတူညီတဲ့
စွမ်းအင်ထု အဖြစ် ကျွန်မ လက်ခံ ရရှိမှာပေါ့။
သီသီဟန်(ကျိုက်ထို)
(ပေဖူးလွှာ မဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၁)

Permissions in this forum:
You cannot reply to topics in this forum
|
|
Wed Feb 08, 2012 10:37 am by nayzawxtet
» BFဆိုတာဘာလဲ
Fri Dec 30, 2011 6:20 am by naingkoko
» ကွန်ပျူတာက ကောင်မလေးသို.
Fri Dec 30, 2011 5:58 am by naingkoko
» ၀ိဥာဉ်တစ်ကောင်ရဲ့တမ်းချင်း
Wed Dec 07, 2011 7:05 am by nayminnmyat
» Format Factory
Tue Aug 30, 2011 4:45 am by Admin
» Window XP Start နဲ့  Shutdown မြန်အောင်လုပ်နည်း
Wed Aug 10, 2011 4:20 am by Admin
» Window XP ရဲ့ လျိဝှက်ချက် 40
Wed Aug 10, 2011 4:16 am by Admin
» Youtube က video များကို Gtalk Chat Box မှာ ကြည့်ရအောင်
Wed Aug 10, 2011 3:48 am by Admin
» အင်တာနက်ကွန်နက်ရှင် မြန်လာအောင်
Wed Aug 10, 2011 3:40 am by Admin
» Repairing Memory Stick
Sat Jul 16, 2011 11:36 pm by Admin