Admin

Admin:

Name Christano John Bryan Joseph
Age 18
e-mail onlinespyboy@gmail.com
Website http://friendworld.friendhood.net
နောက်ဆုံးထွက် album 10
Friends World
Green Tea Restaurant

လက်ဆောင်.........

Go down

Online လက်ဆောင်.........

Post by Admin on Tue Jun 21, 2011 2:49 am

ပြောရရင်
ဘ၀ တစ်ခုက အစပြုပြီး ပြောရတော့မှာပါ။ ကလေး ဘ၀ကစ ဒီနေ့ အချိန်အထိ
ဖြတ်သန်းခဲ့ရတဲ့ ကာလ တစ်လျှောက်မှာ လက်ဆောင်ဆိုတဲ့ စကားလုံးဟာ သူမနဲ့
သိပ်တော့ မစိမ်း လှပါဘူး။




လက်ဆောင်ဆိုတာ တစ်ဦးက တစ်ဦးကို ခင်မင်မှု
အရပဲ ဖြစ်ဖြစ်၊ စေတနာ အရပဲ ဖြစ်ဖြစ်၊ မေတ္တာတရားရဲ့ စေ့ဆော် တိုက်တွန်းမှု
အရပဲ ဖြစ်ဖြစ် မိမိမှာ ရှိတဲ့ ပစ္စည်း တစ်ခုခု၊ ဒါမှ မဟုတ်ရင်လည်း မိမိ
တတ်နိုင်တဲ့ ပစ္စည်း တစ်ခုခုကို အမှတ်တရ ဆိုပြီး ပေးတာမျိုးကို လက်ဆောင်လို့
သူမက ယေဘုယျအားဖြင့် လက်ခံ ထားပါတယ်။ တစ်ချိန်တုန်းကတော့ ဒါ့ထက်ပိုပြီး
နက်နက်ရှိုင်းရှိုင်း မတွေးတတ်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဘ၀ရဲ့အစိတ်အပိုင်းတွေကို
တရွေ့ရွေ့ ဖြတ်သန်းပြီးတဲ့ အချိန်မှာတော့ “လက်ဆောင်” ဆိုတဲ့ စကားနဲ့
ပတ်သက်ပြီး ပေးသူ နေရာကရော အပေး ခံရသူ နေရာကပါ ကြိမ်ဖန်များစွာ ၀င်ရောက်
ခံစားဖို့ ဖြစ်လာခဲ့ပါတော့တယ်။

ဒါဟာ တကယ်တော့ လူမှု ပတ်ဝန်းကျင်ရဲ့
လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေကျ အလေ့အထ တစ်ခုလို့
ပြောလို့လည်း ရတဲ့အတွက် သိပ်တော့ မထူးဆန်းဘူး။ ဒါပေမဲ့ လက်ဆောင် ဆိုတဲ့
စကားလုံးရဲ့ အခြား တစ်ဖက်က တကယ့် အနှစ်သာရနဲ့ တိမ်မြုပ် ပျောက်ကွယ်နေတဲ့
သူ့ရဲ့နောက်ကွယ်က နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ထင်ဟပ်လာတဲ့ အခါမှာတော့
သမားရိုးကျ အတွေးအခေါ် အယူအဆ တစ်ခုကို အခြေတည်ပြီး ပိုင်းဖြတ်ဖို့ မ၀ံ့မရဲ
ဖြစ်လာပါတော့တယ်။

မှတ်မှတ်ရရ သူမ အသက် ၂၅ နှစ်လောက်ကတည်းက စပြီး
လက်ဆောင်နဲ့ ပတ်သက်တဲ့ အမြင်တွေ၊ သဘောထားတွေဟာ တစ်ဆင့်ပြီး တစ်ဆင့်
ပြောင်းလဲ လာခဲ့တာပါ။ တရွေ့ရွေ့ ဖြစ်စဉ် တစ်ခုလို အတွေးတွေ တရွေ့ရွေ့
နယ်ချဲ့ပြီးတဲ့ နောက်မှာတော့ လက်ဆောင်နဲ့ ပတ်သက်ပြီး စတင် သရုပ်ခွဲဖို့
ဖြစ်လာခဲ့ပါတယ်။ မိဘက သားသမီးကို ပေးတဲ့လက်ဆောင်၊ သားသမီးက မိဘကို ပေးတဲ့
လက်ဆောင်၊ ဆရာက တပည့်ကို ပေးတဲ့လက်ဆောင်၊ တပည့်က ဆရာကို ပေးတဲ့လက်ဆောင်၊
သူငယ်ချင်း အချင်းချင်း ပေးတဲ့လက်ဆောင်။ စုံလို့ပါပဲ။

သူမ
တစ်ချိန်တုန်းက သိခဲ့တဲ့ လက်ဆောင်နဲ့ ပတ်သက်တဲ့အသိက အဖြူရောင်သက်သက်ပါ။
လူသားအချင်းချင်း ခင်လို့ပေးတယ်။ ချစ်လို့ပေးတယ်။ မခင်ရင် မပေးဘူး။
မချစ်ရင်လည်း မပေးဘူး ဆိုတာလောက်ပါပဲ။ ဒါဟာ ရိုးရှင်းတဲ့ ဖြစ်ရပ် တစ်ခုလည်း
ဖြစ်နေပြန်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်း သူမ သိလာတဲ့ လက်ဆောင်
ဆိုတာကတော့ ဒီလောက် ရိုးရှင်းတဲ့ ဖြစ်ရပ်တစ်ခု၊ အဖြူရောင် သက်သက်သဘော
ဆောင်တဲ့ ၀ိသေသ လက္ခဏာ တစ်ခုလို့ ပြောဖို့တော့ သိပ်မလွယ်လှတော့တာပါ။
တစ်ချိန်တည်းမှာပဲ သူမ လက်ဆောင် ယူရမှာ တွန့်ဆုတ်လာသလို လက်ဆောင်
ပေးရမှာကိုပါ မ၀ံ့မရဲ ဖြစ်လာပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းမှာ
စေတနာနဲ့ ပေးတဲ့ အရာတစ်ခုဟာ ဘယ်လို ရည်ရွယ်ချက်မျိုးမှ မပါပေမယ့်
ခံယူရတဲ့သူ ဘက်မှာ များစွာ စဉ်းစားတွေးခေါ်ခွင့် ရှိလာသလို ပေးတဲ့
လူကိုယ်တိုင်က ဘယ်လောက် သန့်ရှင်းသလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ်
ပြန်သုံးသပ်ဖို့ လိုပါတယ်။

မိမိမှာ လိုအပ်တဲ့ တစ်စုံတစ်ရာ အတွက်
ဘယ်ဘက်က ပေးပြီး ညာဘက်က ပြန်ယူမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေးတဲ့
လက်ဆောင်တွေ အပေါ်မှာလည်း အပေးခံရတဲ့ သူဘက်က အမှန်အတိုင်းပဲ သိသာနိုင်ဖို့
ရာနှုန်း တော်တော် များတယ်လို့ ခံစားမိတာ မမှားနိုင်ဘူးလို့ ထင်မိပါရဲ့။

ဒီလိုဆိုတော့ ဘယ်လို နှလုံးသားမျိုးနဲ့ ပေးပြီး ဘယ်လို နှလုံးသားမျိုးနဲ့
လက်ခံ ယူကြပါသလဲ။ တကယ့် စေတနာ၊ မေတ္တာနဲ့ ပေးတဲ့ လက်ဆောင်တွေ တောင်
ဒီနေ့ခေတ် လက်ဆောင်နဲ့ ပတ်သက်ပြီး ခံယူထားတဲ့ ခံယူချက်တွေ၊ အမြင်တွေ
တစ်နည်းအားဖြင့် စွန်းထင်း ညစ်ပေနေတဲ့ အရောင်တွေ အောက်မှာ ဖုံးလွှမ်း
ခံမသွား ရနိုင်ဘူးလို့ကော ဘယ်သူ ပြောနိုင်မှာမို့လို့လဲ။ ဒီထက် ဆိုးပြီး
မကောင်းတဲ့၊ မသန့်ရှင်းတဲ့ လုပ်ရပ်တွေကို လှလှပပ ပြုမူနိုင်ဖို့
ခေါင်းစဉ်တစ်ခု တပ်ပေးထားတာမျိုး ဆိုရင်ကော... သူမ အတွေးတွေက နက်သည်ထက်
နက်ရှိုင်း လာခဲ့တယ်။ လုပ်ချင်တာတွေ လုပ်နိုင်ကြဖို့ စေတနာ ဆိုတဲ့ ခေါင်းစဉ်
တပ်နိုင်သလို ဖြစ်ချင်တာတွေ ဖြစ်ဖို့အတွက် လက်ဆောင်ဆိုပြီး ခေါင်းစဉ်
တပ်လို့ ရနေတာ မဟုတ်ဘူးလို့ကော ဘယ်သူ ငြင်းနိုင်မှာလဲလေ။

တကယ်တော့
သူမက ဘယ်အရာ မဆို အဖြောင့် တွေးတတ်တဲ့ မိန်းကလေး တစ်ယောက်ပါ။ အတိအကျ
ပြောရရင် သီအိုရီ တစ်ခုကို လက်ကိုင်ထားပြီး တစ်နဲ့တစ်ပေါင်း နှစ်လို့
လက်နှစ်ချောင်း ထောင်တတ်တဲ့ မိန်းမမျိုးပေါ့။ ဒါပေမဲ့ တစ်နဲ့တစ်ပေါင်း
“နှစ်” မရတဲ့ ဖြစ်ရပ်တွေကို နားလည်လာတဲ့ တစ်နေ့မှာ လက်ဆောင်အပေါ် သူမ
မြင်ခဲ့တဲ့ အမြင်တွေလည်း လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ရပါတယ်။ အဲဒီလို
ပြောင်းပြန် ဖြစ်သွားရတာကတော့ လုပ်ငန်းခွင်ထဲ ရောက်မှ ဖြစ်သွားခဲ့ရတာပါ။

သူမ အလုပ် လုပ်တာကလည်း အထိုက်အလျောက် ကြာလာပြီဆိုတော့ ရုံးက လုပ်ကိုင်ဖက်
တွေနဲ့ ခင်မင်နေကြပါပြီ။ အားလုံးက အားလုံးကို အပြန်အလှန် ခင်မင်နေတာမျိုး
မဟုတ်ပေမယ့် သူ့အစုလေးတွေနဲ့သူ တူရာစုပြီး ခင်မင်သလို တွဲ သွားတွဲလာလည်း
ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂ နှစ်လောက် ကြာလာတဲ့ အခါမှာတော့ အမာခံ လုပ်ဖော်
ကိုင်ဖက်အုပ်စု ဆိုတာထက် မိတ်ဆွေ ရင်းချာတွေလို ခင်မင် လာခဲ့ကြတာပါ။
သူ့အခက် အခဲ ကိုယ့်အခက်အခဲကို ၀ိုင်းဝန်းပြီး ဖြေရှင်း ကြသလို အကြံကောင်း
ဉဏ်ကောင်းတွေလည်း အပြန်အလှန် ပေးတတ်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက်လည်း
အတိုင်းအတာ တစ်ခုထိလည်း ယုံကြည် လာခဲ့ကြတဲ့ သဘောပါပဲ။

ဒီလို
မိတ်ဆွေ ဘ၀မှာပဲ အချင်းချင်း မကျေ နပ်ချက်လေးတွေ ရှိခဲ့ရင် ဘာကို မကျေနပ်
ကြောင်း၊ ဘာကြောင့် မကျေနပ်ကြောင်း ပြောကြပါတယ်။ တစ်နေ့တော့ သူမတို့
အုပ်စုထဲက ကောင်မလေး တစ်ယောက်က သူ ကြည့်မရတဲ့ အခြား ကောင်မလေး
တစ်ယောက်အကြောင်းကို ပြောလာပါတယ်။

ဆိုပါတော့ ကောင်မလေး နာမည်ကို
“ဆွိ” လို့ပဲ။ “ဆွိ”က ဘယ်လို ကြွားတာ။ ဒါပေမဲ့ ဘာတွေကိုတော့ ဖုံးကွယ်ထားတာ။
ဘယ်လို လူလည်ကျတာ စတဲ့ အကြောင်းတွေကို မကြာခဏ ပြောပြခဲ့ပါတယ်။ သူမအထင်တော့
သူငယ်ချင်းက ဆွိအပေါ်မှာ အတော်လေး မကျေမနပ် ဖြစ်နေတဲ့ ပုံပါ။ သူမြင်တာ
တကယ်တော့လည်း မလွန်ပါဘူး။ ၉၀ ရာခိုင်နှုန်းက အမှန်တရား။ ဒီလိုနဲ့ပဲ
အချိန်တွေ ကြာလာတဲ့ တိုင်ပဲ သူတို့ကြားမှာ နား လည်မှုလွဲမှားတဲ့
ကိစ္စလေးတွေနဲ့ အစာမကြေတာတွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးနဲ့ နွှယ်ပြောရရင်
အမေရိကန်နဲ့ ရုရှားတို့ရဲ့စစ်အေး တိုက်ပွဲမျိုးပါ။ အရှုံးတွေနဲ့
ရင်ဆိုင်ရတဲ့ ရုရှားရဲ့အမေရိကန် မုန်း တီးစိတ်မျိုးနဲ့ပါ။ ဒီလို
သူငယ်ချင်းက မကျေနပ် ပေမယ့် လက်ရှိအခြေအနေမှာ ကောင်မလေးက သူ့ထက် အခြေအနေ
တော်တော်များများမှာ သာလွန်နေတာကြောင့် ပေါ်ပေါ်ထင်ထင် ထိုးစစ်
ဆင်တာမျိုးတော့ ဖြစ်မလာခဲ့ပါဘူး။

ဒါပေမဲ့ သူငယ်ချင်းက ဆွိနဲ့
ပတ်သက်ပြီး မကျေမနပ်တာ အပြင် နာကြည်းနေတာမျိုးလည်း သွားတွေ့ရပါတယ်။
မကြာလိုက်ပါဘူး။ သူငယ်ချင်း တစ်ယောက် နိုင်ငံခြားကို လေ့လာရေး ခရီး
သွားခဲ့ရပါတယ်။သူမလည်း သူငယ်ချင်း အတွက် တော်တော်လေးကို ပျော်ခဲ့ရပါတယ်။
တကယ်တော့ သူငယ်ချင်းက သိပ်တော်တဲ့ အထဲမှာ ပါဝင် သူတစ်ဦးတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ လောကမှာ အကြောင်းတရားတွေ ပေါင်းဆုံမိရင် အကျိုးတရား တစ်ခုတော့
ဖြစ်လာတတ်ကြတယ် မဟုတ်လား။ ဒါဟာ တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်ပါစေ၊ ရခဲတဲ့
အခွင့်အရေးထဲမှာ ပါဝင်တဲ့ အတွက် သူမ သူ့အတွက် ပျော်ခဲ့ရပါတယ်။


မှန်တာပြောရရင် သူငယ်ချင်း နိုင်ငံခြား သွားရလို့ ၀မ်းမြောက်ရတဲ့ အထဲမှာ
သူမ ပါဝင်ပေမယ့် ဒီနောက်ကွယ်မှာ ဘယ်လို မျှော်လင့်ချက် မျိုးမှမရှိတာလည်း
အသေအချာ သိနေခဲ့ပါတယ်။ သူငယ်ချင်း နိုင်ငံခြားက ပြန်လာတော့ သူတတ်နိုင်
သလောက် ပမာဏနဲ့ တွက်ချက်ပြီး လက်ဆောင် ပစ္စည်းလေးတွေ ၀ယ်လာခဲ့ပါတယ်။ အဲဒီ
လက်ဆောင်လေးတွေကိုပဲ နီးစပ်ရာ လုပ်ဖော်ကိုင်ဖက် တွေကို လက်သင့်သလို
ပေးနေတာလည်း တွေ့ရပါတယ်။ အဲဒီ အချိန်အထိ သူငယ်ချင်း ပေးတဲ့ လက်ဆောင်နဲ့
ပတ်သက်ပြီး သူမရင်ထဲ ဘယ်လို ခံစားချက်မှ ထွေထွေထူးထူး မရှိသေးပါဘူး။ ဒါဟာ
လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်၊ ကြီးကြီး ကျယ်ကျယ် ပြောရရင် ဒါနပါရမီ
ဖြည့်နေတာပဲပေါ့။ ကုသိုလ် ဖြစ်စေတဲ့ မြင်ကွင်းပါ။

ဒါပေမဲ့
မကြာခင်မှာပဲ မျှော်လင့် မထားတဲ့ မြင်ကွင်းနဲ့ ကြားနေရတဲ့
စကားလုံးတွေကြောင့် သူမ မအံ့သြဘဲ မနေနိုင်လောက်အောင်ပါပဲ။ ထူးဆန်းစွာပဲ
သူငယ်ချင်းက သူ မုန်းတဲ့ ဆွိဆိုတဲ့ ကောင်မလေးကို လက်ဆောင် သွားပေးနေတာပါ။
ပြီးတော့ “အချိန် မရလို့ ငါ ဒါပဲဝယ်ခဲ့ရတယ်။ ယူလိုက်နော်” တဲ့။ သူမ
သူငယ်ချင်းရဲ့မျက်နှာကို အကဲခတ်ကြည့်လိုက်ပါတယ်။ တကယ်ပဲ သူ့မျက်နှာက
ဒီလောက်ပဲပေးနိုင်လို့ အားကျိုး အားနာဖြစ်နေတဲ့ မျက်နှာမျိုးလား သူမ
မခွဲခြားတတ်၊ ပြီးတော့ စကားတွေလည်း ရွှန်းရွှန်းဝေ အောင် ပြောနေပါတယ်။
ဘုရား...ဘုရား သူမ အံ့သြပြီး ဘုရား တမိသွားတာပါ။ တကယ်ပဲ ငြိမ်းချမ်းမှုကို
လိုလားသွားတာလား။ တကယ်ပဲ စေတနာသဒ္ဓါတရားတွေ ထက်သန် နေတာလား။ ရင်ထဲမှာတော့
မေးခွန်းပေါင်း များစွာ။

တော်တော်လေး ကြာတော့ သူငယ်ချင်းက သူမ
စားပွဲကို ရောက်လာပြီး “သိလား ငါနင့်ကို ပေးမယ့်လက်ဆောင်
ဟိုဆိုက်ဘေးရီးယားကို ပေးလိုက် ရတယ်။ အခု ကုန်သွားပြီ။ ငါ နင့်ကို
နောက်မှထပ်ဝယ်ပေးမယ်”တဲ့။ အဲဒီ အချိန်မှ သူမ သူငယ်ချင်းကို ဘယ်လို
အကြည့်မျိုးနဲ့ ကြည့်လိုက်မိလည်း မသိပါဘူး။ သူငယ်ချင်းက
“ကိုယ့်အချင်းချင်းက သိပ်အရေးမကြီးဘူးလေ သိတယ် မဟုတ်လား” တဲ့။ သူမ
ပြုံးပြီးသာ ခေါင်းလေးတစ်ချက် ညိတ်ပြ လိုက်ပါတယ်။

တကယ်
ရင်ထဲမှာတော့ ဘယ်လိုမှ မကောင်း၊ လက်ဆောင် လိုချင်လို့မှ မဟုတ်တာလည်း သူမ
အသိ။ သူမဟာ သူငယ်ချင်း အတွက် ဘာမှ အရေး မပါဘူး ဆိုတဲ့ သဘောမျိုး သက်ရောက်
သွားတာကိုပါ။ ခင်မင်သူတွေလေ၊ ယုံကြည်ချက်တွေ ချပြရအောင် ခင်မင်တဲ့ လူတွေ။
သူမ လူပေါင်း မှားခဲ့တာပဲ လားလို့တောင် ပြေးပြေးလွှားလွှား
စဉ်းစားလိုက်မိပါသေးတယ်။ နောက်တော့ လည်း အတွေးတွေနဲ့ မဆုံးနိုင်တော့။

လူတစ်ယောက်ရဲ့အကြောင်းကို၊ လူတစ်ယောက်ရဲ့အားနည်းချက်ကို အဆိုးမြင်တဲ့ ဘက်က
ဝေဖန်သုံးသပ်တာ၊ မကောင်းပြောတာတွေကို ကွယ်ရာမှာ လုပ်ခဲ့ရင် ဒါဟာ အတင်း
ပြောတာ မဖြစ်နိုင်ဘူးလား။ ထားပါတော့၊ တစ်ခါ တစ်ခါ လူ့သဘော သဘာဝအရ ရင်ဖွင့်
တတ်ကြပါတယ်။ အခုတော့ ကွယ်ရာ မှာစိတ်ရှိတိုင်း ပြောပြီး ရှေ့တင်မှာ
သကာလူးတဲ့ အပြောတွေနဲ့ ဆက်ဆံရေး တည်ဆောက်နေလိုက်တာ။ အခုတစ်မျိုး၊
တော်ကြာတစ်မျိုး၊ လိုတစ်မျိုး၊ မလိုတစ်မျိုး အလုပ်လေးမျိုးပဲ လုပ်နေတဲ့
လူတွေနဲ့ မတူဘူး လားလို့တောင် အားမနာစတမ်း ပြေးစဉ်းစား လိုက်မိပါသေးတယ်။

ဟုတ်တယ်လေ။ မပြောချင်ရင်လည်း မပြောနဲ့ပေါ့။ ခွင့်လွှတ်တတ်တဲ့ နှလုံးသား
ရှိရင် အစကတည်းက လူသိခံစရာတောင် မလိုဘဲ ခွင့်လွှတ်လို့ ရသားပဲ။ အခုတော့
လက်ဆောင်တောင် သွားပေးရသေးတယ်။ ဘယ်လို ရပ်တည်ချက်တွေ ပါလိမ့်လို့လည်း
တွေးခဲ့မိ လိုက်ပါသေးတယ်။ အဲဒီ နောက်တော့လည်း သူမ အတွေးတွေကို
ခါးသီးစွာနဲ့ပဲ ရပ်ထားခဲ့ပါတယ်။

မနှစ်က သင်္ကြန်ကျခါနီးတော့ သူမ
မိဘများ ရှိရာ မွေးရပ်မြေ ပြန်ဖို့ ပြင်ဆင် ရပါတော့တယ်။ မိဘများ ရှိရာ
ဆိုပေမယ့် သူမမှာ ဖခင်(အဖေ)တော့ မရှိတော့ပါဘူး။ မိခင် တစ်ယောက်ပဲ
ကျန်တော့တာပါ။ အခု အချိန်မှာတော့ ကလေး ဘ၀ကလို အဖေစုံ၊ အမေစုံ ရှိတဲ့ဘ၀မျိုး
မဟုတ်တော့ဘဲ မိခင် တစ်ယောက်ပဲ ကျန်ခဲ့တော့တာမို့ အဖေဆိုလည်း အမေ၊
အမေဆိုလည်း ဒီအမေပါပဲ။

အခုလည်း သူမ သင်္ကြန်တွင်း ပြန်လာမယ်ဆိုတာ အမေ
သိသလို အခြား ဆွေမျိုးတွေလည်း သိကြပါတယ်။ ဖုန်းဆက်ပြီး သူတို့
လိုချင်တာလေးတွေလည်း မှာကြပါတယ်။ သူမလည်း တတ်နိုင်သလောက် လက်ထဲရှိတဲ့
ငွေကြေး အတိုင်းအတာနဲ့ တွက်ချက်ပြီး ၀ယ်ခဲ့တာပါ။ ဒီလိုနဲ့ ကျွန်မ
အိမ်ပြန်ရောက် သွားခဲ့ပါတယ်။ သူမက ညီမလေး အကြောင်းကိုသိတော့ ၀ယ်လာတဲ့
လက်ဆောင်လေးတွေ ထုတ်ပြခဲ့သလို မကြာခင်မှာ အစ်ကိုကြီး၊ အစ်ကိုကြီး
အမျိုးသမီးနဲ့ ကျွန်မတူလေး ရောက်လာကြပါတယ်။

“ဒါလေးက သားလေးစီးဖို့ အန်တီ ၀ယ်လာခဲ့တာလေ။ စက်ဘီးလေး၊ ငါးသောင်းတောင် ပေးရတယ်”

သူမကပြောလည်း ပြောပြီး စားစရာတွေလည်း ချကျွေးလိုက်ပါတယ်။ ပြီးတော့
မိသားစုတွေ ပြန်ဆုံတွေ့ ရတာမို့လည်း ၀မ်းသာအားရ စကားတွေလည်း
ပြောနေမိတာပေါ့။

“ရော့... အစ်မ... ဒါက အစ်မ၀တ်ဖို့ ပါတိတ်ဝမ်းဆက်လေ”
သူမယောက်မက အထည်စကို လှမ်းယူပြီး-

“လှတယ်နော်”
လို့ပြောတော့ သူမ စိတ်ကျေနပ် သွားရပါတယ်။

ဒီလိုနဲ့ အိမ်နီးချင်းတွေ ရောက်လာတော့ သူတို့နဲ့ သင့်တော်တဲ့ လက်ဆောင်
အတိုအစလေးတွေ ပေးဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်ထိ သူမ ပျော်နေဆဲပါပဲ။ ဒါပေမဲ့
အဲဒီ အပျော်တွေက သိပ်တော့ ကြာကြာ မခံလိုက်ပါဘူး။ ဘေးနား အိမ်က အစ်မကြီး
ရောက်လာပြီး ပြောလိုက်တဲ့ စကားကြောင့် ချက်ချင်းဆို သလိုပဲ လွင့်စဉ်
သွားခဲ့ပါတယ်။ သူ့စကားက သူမ နှုတ်အစုံကိုလည်း ဆွံ့အ သွားစေခဲ့ပါတယ်။

အစ်မကြီးက-
“လက်ဆောင်ပေးတာ ကျေးဇူးပါနော်။ ဒါနဲ့၊ အမေအတွက် ဘယ်လောက်တောင် ပါလာလဲ။ နင့်အမေက ပြုံးနေတာပဲ” တဲ့။

“အမေ...”

သူမ ဆွံ့အပြီး အမေ့မျက်နှာကို ငေးကြောင် ကြည့်နေမိပါတယ်။ ဒီကမ္ဘာ ပေါ်မှာ
အရင်းနှီးဆုံး လူသားတစ်ယောက် သူမ ဘာလို့များ ပျက်ကွက်ခဲ့ပါ လိမ့်။
အမှန်အတိုင်း ပြောရရင် သူမ အမေ့အတွက် ဆိုပြီး ဘာလက်ဆောင်မှ ပါမလာခဲ့ပါလား။
အမျိုးတွေ မှာတာများပြီး ရောထွေး ကုန်တာလည်း ပါပါ တယ်လေ။ ဒါပေမဲ့...
ဒါပေမဲ့ပေါ့...
“ဟင့်အင်း... မဟုတ်ဘူး... အမေ”

သူမ
ဗလုံးဗထွေးနဲ့ ပြောလိုက်ပေမယ့် စကားလုံးတွေက အမေ ကြား
နိုင်တဲ့လေသံမျိုးနဲ့ ထွက်မလာခဲ့။ ဒါပေမဲ့ အမေကတော့ သူမ မျက်နှာပေါ်က
အရောင်တွေ၊ သူမမျက်ဝန်းတွေထဲက စကားလုံးတွေကို နားလည်နေတဲ့ ပုံစံပါ။ အမေ
ခွင့်လွှတ်တယ် ဆိုတာတော့ သူမက သိလိုက်ပေမယ့် ရင်ထဲမှာတော့ အပြစ် တစ်ခုကို
ကျူးလွန်မိသလို ခံစား မိလိုက်တာတော့ အမှန်ပါပဲလေ။ အဲဒီဖြစ်ရပ် နောက်ပိုင်း
သူမ လက်ဆောင်နဲ့ ပတ်သက်ပြီး အပြောင်း ပြောင်းအပြန်ပြန်
စဉ်းစားလာခဲ့မိပါတယ်။ လက်ဆောင်ဆိုတာ ဘယ်လို လူမျိုးတွေကို ပေးတာပါလဲ
ဆိုတာမျိုးပေါ့လေ။

သူမတစ်ယောက် အတွေးတွေနဲ့ အချိန် အတော်ကြာ နပန်း
လုံးနေပါတော့တယ်။ ကိုယ်ပေးရမယ့် လက်ဆောင်ပစ္စည်း တစ်ခုတည်းကို လိုလားသူနဲ့
မလိုလားသူ ဘယ်သူ့ကို ပေးမလဲ ဆိုတာနဲ့၊ ဘယ်သူ့ကို ပေးတတ်ကြသလဲ ဆိုတာပါပဲ။
နားထဲမှာ သူငယ်ချင်း ပြောတဲ့စကား ပြန်ကြားယောင် လာပါတယ်။

“နင့်ကိုပေးမယ့် လက်ဆောင် ဟိုဆိုက်ဘေးရီးယားကို ပေးလိုက်ရတယ်” တဲ့။

တစ်ချိန်တည်းမှာပဲ သူငယ်ချင်း ကောင်မလေးကို နားလည်သလို ရှိလာ ပြန်ပါတယ်။
လူတွေ တစ်ယောက်ကို တစ်ယောက် လက်ဆောင် ပေးကြပါတယ်။ ခင်မင်လို့၊ လေးစားလို့၊
စေတနာ ရှိလို့ ပုံစံမျိုးစုံနဲ့ ပေးနေကြမှာပါ။ ဒါပေမဲ့ ပေးတဲ့
လက်ဆောင်တိုင်းကတော့ ဒီခေါင်းစဉ်တွေ အောက်မှာ အကျုံးဝင်မှာတော့ မဟုတ်ပါဘူး။
အမှတ်တရ ဖြစ်စေချင်လို့ သက်သက် ပေးတာမျိုး အပြင် ဒါထက် ပိုပြီး
ပြောရရင်ကောင်း ပြချင်လို့၊ နာမည်ကောင်း လိုချင်လို့၊ မက်လုံး ပေးချင်လို့
ခေါင်းစဉ် အမျိုးမျိုး ရှိနေကြမှာပါ။ မကောင်းတတ်လို့ ပေးတာဆိုတဲ့ clause
တစ်ခုပါ ထပ်ထည့်ရင်လည်း ရနိုင်မယ်လို့ ထင်မိပါတယ်။ ဒီအပြင် မကသေးပါဘူး။
ရယူလိုမှု အတွက် ပေးတဲ့ လက်ဆောင်တွေလည်း ဒီကမ္ဘာ လောကမှာ အများအပြား
ရှိနေဦးမှာပါ။ လူသားချင်း ခင်မင်မှုနဲ့ မေတ္တာ တရားကိုတော့ လက်ဆောင်
တစ်ခုတည်း အပေါ်ကြည့်ပြီး သုံးသပ်ဖို့ ခက်ခဲစေတော့မယ် ထင်မိပါရဲ့။
ဒီနောက်တော့ သူမ ရင်ထဲမှာ မေးခွန်းများစွာ ရှိလာခဲ့ပါတယ်။

တကယ်ပဲ
ဆိုက်ဘေးရီးယား ဆိုတဲ့ ခေါင်းစဉ်အောက်က ပေးတဲ့ လက်ဆောင်ဟာကော မှန်ကန်
မွန်မြတ်တဲ့ စိတ်နဲ့ ပေးတဲ့လက်ဆောင် မဖြစ်နိုင်ဘူးလား။ ခင်မင်သူတွေကို
လက်ဆောင် ပေးဖို့ ပျက်ကွက်ခဲ့တာကိုလည်း ပျက်ကွက်သူ အပေါ်နားလည်ပေးဖို့
လိုအပ်မယ် ထင်ပါသလား။ သူမတို့ လူ့လောက၊ လူ့အသိုင်းအ၀ိုင်း၊
လူ့အဖွဲ့အစည်းမှာ သူမတို့ မသိနိုင်သေးတဲ့ ပုံစံ အမျိုးမျိုးနဲ့
နှီးနွှယ်ပြီး ပေးအပ်နေတဲ့ လက်ဆောင်တွေ အများကြီး မရှိနိုင်ဘူးလား။


ကြောက်လို့ ပေးရတဲ့ လက်ဆောင်၊ မပေး မဖြစ်လို့ ပေးရတဲ့ လက်ဆောင်တွေကော
မရှိနိုင်ဘူးလား။ ရယူလိုမှု အတွက် ပေးရတဲ့ လက်ဆောင်၊ မကောင်းတတ်လို့ ပေးရတဲ့
လက်ဆောင်တွေက ကော... သူမ သေချာ မသိပါ။ ဘယ်လို အခြေအနေတွေပဲ ဖြစ်နေဖြစ်နေ၊
ဘယ်လို အကြောင်းတရားတွေပဲ ရှိနေရှိနေ နောက် ဆုံးတော့ ဒါတွေ အားလုံးဟာ
လက်ဆောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကျုံး ၀င်နေကြမှာဖြစ်သ လို ပေးအပ်တဲ့
ကာယကံရှင်တွေသာ အသိဆုံး ဖြစ်နိုင်မှာ မဟုတ်ပါလား။




စိမ့်ယမင်းခင်
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
avatar
Admin
Admin

Posts : 53
Join date : 2011-01-31
Age : 25
Location : Yangon,Myanmar

http://friendworld.friendhood.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum