Admin

Admin:

Name Christano John Bryan Joseph
Age 18
e-mail onlinespyboy@gmail.com
Website http://friendworld.friendhood.net
နောက်ဆုံးထွက် album 10
Friends World
Green Tea Restaurant

ခင်မိုးသစ် ၀တ္ထု

Go down

Online ခင်မိုးသစ် ၀တ္ထု

Post by Admin on Tue Jun 21, 2011 2:35 am

ကျွန်တော့်တွင် ငယ်မွေးခြံပေါက် စစ်စစ်
သမီး သုံးယောက် ရှိပါသည်။ သမီး အကြီးဆုံးနှင့် ပတ်သက်၍ ၀တ္ထု သုံးလေးပုဒ်
ရေးဖူးသည်။ သမီး အငယ်ဆုံးနှင့် ပတ်သက်၍လည်း ၀တ္ထုနှစ်ပုဒ် သုံးပုဒ်နှင့်
ကဗျာတစ်ပုဒ် ရေးဖူးသည်။ သို့သော် သမီး အလတ်နှင့် ပတ်သက်၍မူကား
စာတစ်ပုဒ်လည်း မရေးမိ။ ကဗျာတစ်ပုဒ် လည်းမစပ်ဖူး။ ဒါကြောင့် သမီး အလတ်က
ကျွန်တော့်အား ဤသို့ စကားတင်း ဆိုခဲ့ဖူးပါသည်။

“အဖေတို့များ
သူ့သမီးတွေ ကျတော့ ၀တ္ထု ရေးရတာနဲ့ ကဗျာ စပ်ရတာနဲ့ သမီးကျတော့
အလတ်မို့လို့လားမသိဘူး။ ဘာမှ အမှတ်တရ မရေးဘဲ လပ်ထားတယ်” ဟူ၍
ဖြစ်၏။ကျွန်တော် သမီးလတ်ကို ခွန်းတုံ့ မပြန်နိုင်ခဲ့ပါ။ ပြုံး၍သာ
နေလိုက်မိပါ၏။ ထိုအပြုံးနှင့် အတူ သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ
ကျွန်တော့် ချစ်ဦးသူ “မိ” ကိုသွား၍ သတိ ရလိုက်မိလို့ ဖြစ်ပါသည်။ သတိရခြင်း၌
ဆီဆိုင်မှု ရှိလို့လားဟု ကျွန်တော့်ကို တည့်တည့် အမေး ရှိလာလျှင်မူ . . . ။

တကယ်ဆို ကျွန်တော့် အချစ်ဦး “မခင်မိုးသစ်” ၏အနွတ္တသညာကို ချစ်စနိုး
အမွှန်းတင် သောအားဖြင့် ယဉ်ယဉ်ကလေး “ခင်” ဟု တစ် လုံးတည်း အရင်းဆွတ်၍သော်
လည်းကောင်း၊ သို့မဟုတ် အလယ်အလုံးလေး ရွေးပြီး အမြတ် တနိုးနှင့် မိုးမိုးဟု
နှစ်လုံးထပ်၍ သော်လည်း ကောင်း၊ ဒါမှမဟုတ် နောက်ဆုံး စာလုံးလေးကို အဖျား
ဆွတ်ချစ်လို့“သစ်သစ်” ဟူ၍လည်းကောင်း တစ်မျိုးမဟုတ် တစ်မျိုးတော့ ခေါ်ဝေါ်
သင့်သည်သာ ဖြစ်ပါ၏။

သို့သော် ကျွန်တော်က တစ်မျိုး။ လူ့ခွစာဟု
ပြောရမည်လားမသိ။ ခင်လည်း မခင်။ မိုးလည်း မမိုး။ သစ်လည်း မသစ်။ ရိုးရိုးလေး
“မခင်မိုးသစ်” ဟူ၍လည်း လေစ မသုတ်ခဲ့။ မဆီမဆိုင်။ တုံးတုံး တိတိ။
ကျွန်တော့်နှုတ်ထွက် “မိ” ဟူ၍ တစ်လုံး တည်း။ ပြောရလျှင် ကျွန်တော့်ထက်
နှစ်နှစ် သုံးနှစ်ကြီးမှန်း သိသိနှင့်ပင် လေးစားသမှုဖြင့် “မမမိ” ဟု
ခေါ်သင့်ပါလျက် ကျွန်တော် ခေါ်ဖြစ်ဖို့ စိတ်မကူးခဲ့။ အသက်ကသာ ငယ်သော်လည်း
အမြဲလိုလို “မိ”အပေါ် ကြီးချင်သည့်စိတ်ကြောင့် ကျွန်တော် လက်လွှတ်စပယ်နှင့်
အမြဲတစေ အလွယ်ခေါ်ခဲ့ သော အမည်မှာ တစ်လုံးတည်း။

“မိ”


မိနဲ့ ကျွန်တော် ရေစက်ဆုံပုံက လွမ်းစရာ ကောင်းလောက်အောင် မဆန်းသစ်ခဲ့ပါ။
တကယ့် ရိုးရိုးလေးပါပဲ။ ဆယ်တန်းကို တတိယအကြိမ် မြောက်ဖြေသည့်နှစ်။ ၁၉၇၀
ခုနှစ်။ အဲသည်နှစ်မှာ ကျွန်တော် လုပ်နေတဲ့ မြန်မာ့ လျှပ်စစ် ဓာတ်အား
လုပ်ငန်းငွေစာရင်း ဌာနစိတ် (၁) ကို မိ ရောက်လာတာက စတာပါပဲ။ ကျွန်တော်လည်း
အောက်တန်းစာရေး၊ မိကလည်း အောက်တန်းစာရေး။ ဖြစ်ချင်တော့ လုပ်ရသည့် အလုပ်က
တစ်အုပ်စုတည်းမှာ။ မိ ထိုင်သည့် ခုံကလည်း ကျွန်တော့်ရှေ့မှာ။


ကျွန်တော်တို့ အချစ်မှာ အိုးချင်းထားလို့ အိုးချင်းထိတာ မဟုတ်ဘဲ
အလုပ်ချင်း စပ်ယှက် နေလို့ နှလုံးသားချင်းဆက်မိကြတာ ဖြစ်ပါသည်။
စိတ်ချင်းဆက်မိ ကြတာ ဖြစ်ပါသည်။ စကားပြော လျှင် သူ့ကိုယ်သူ “မိ ကလေ၊ မိ
ကလေ” ဟု ပြောတတ်သော နာမ်စားကို ကျွန်တော်က နား ၀င်ချိုမိတာထက်
သူသိပ်ချစ်တဲ့ တူလေးနဲ့ တူလို့ မေတ္တာချိုမိရာက သွက်လက်ထက်မြက်သော
ဆွေမဲ့မျိုးမဲ့ ဘုန်းကြီးကျောင်းသား ကျွန်တော့် ကို သနားသည့် သံယောဇဉ်က
ပိုများမည် ထင် ပါသည်။

ကျွန်တော်က သူ့ကို ရည်းစားစာ ပေးပြီး
ရုံးက ခွင့်တစ်ရက် ယူပစ်လိုက်ပါသည်။ နောက်တစ်နေ့ ရုံးမှာ နှစ်ယောက်တည်း
တွေ့တော့ “လူဆိုးလေး မနေ့က ဘာလို့ ရုံးလစ်သွားတာလဲ ရော့” ဆိုပြီး မနေ့က
ကျွန်တော် ပေးလိုက်သည့် မှတ်စု စာအုပ်ကလေးကို ယုယုယယ ပြန်ပေးပါသည်။
ပြန်ပေးရင်း ကျွန်တော့်ကို တစ်ချက် ဝေ့လိုက်တဲ့ မျက်စောင်း အကြည့်ထဲမှာပင်
ကျွန်တော် မိ အကြောင်းကို အကုန်သိခွင့် ရလိုက်ပါသည်။ ထင်သည့်အတိုင်း
ဘုန်းကြီးကျောင်း ပြန်ရောက်မှ မှတ်စုစာအုပ် ထဲက စာကို ဖွင့်ဖတ်လိုက်တော့
“ချစ်သောမောင်” တဲ့။ အဲသည်နေ့က ကမ္ဘာမှာ အပျော်ဆုံး လူတစ်ယောက်ရှိခဲ့ဦးမည်
ဆိုလျှင် တောင် ကျွန်တော့်လောက် ပျော်လိမ့်မည် မထင်ပါ။ သြော် မောင့်ရဲ့
မိ။ မောင့်ရဲ့ မိ။

အဲသည်က စလို့ သူ့မှာ ကျွန်တော့်အတွက်
ထမင်းတစ်ဘူး ပိုယူလာရတာကို အလုပ်ပို တစ်ခုလို မအောက်မေ့သလို
ထမင်းတစ်ဘူးနှင့် အတူ နေ့စဉ်ဝတ္တရား တစ်ခုလို စားရသော ရှားမီး သကြားလုံး
တစ်လုံးကလည်း ကျွန်တော့် အတွက်တော့ အားဆေးပါပဲ။ အချစ်ဆေးပါပဲ။ ကြာလာတော့
ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်တာထက် တစ်ရုံးလုံးက
ကျွန်တော်တို့ကို ပိုပြီး ချစ်စေချင် ကြတဲ့ ဆန္ဒတွေက ပိုများသည် ထင်ပါသည်။
အဘယ်ကြောင့် ဆိုသော် ရုံးချိန် ကိုးနာရီမခွဲခင် ရောက်လာသမျှ လူတွေကို
ဌာနကြီးမှူး ကိုယ်တိုင်က ဦးဆောင်ကာ လက်ဖက်ရည်ဆိုင် ခေါ်သွားပြီး
ရုံးခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက် တည်းကိုသာ ခဏခဏ ထားပစ်ခဲ့တတ်လို့
ဖြစ်ပါသည်။

မိကို ချစ်တဲ့ အစ်မကြီး ဒေါ်ကျင်လှကတော့ ကျွန်တော်တို့
အတွဲကို မြင်တိုင်း ငအ အိုင်တီအစ် ဟု ချစ်စနိုးနောက်လေ့ ရှိသည်ဟု
ပြောပါသည်။ အကြောင်းမှာ ကျွန်တော့်အရပ်က မိထက် ခေါင်းတစ်လုံးစာ
နိမ့်နေပြီး မိအရပ်က ကျွန်တော့်ထက် ခေါင်းတစ်လုံးစာ မြင့်နေလို့
ဖြစ်ပါသည်။ မှတ်မှတ်ရရ ဆယ်တန်းဖြေသည့် နောက်ဆုံးနေ့ ကိုတော့ ဘယ်တော့မှ
မမေ့နိုင်အောင် ဖြစ်ရပါသည်။ ဆယ်တန်းကို အလုံ အထက (၃) မှာ ဖြေကြရပါသည်။ သူက
တစ်ခန်း။ ကျွန်တော်က တစ်ခန်း။ ဆယ်တန်းဖြေသည့် နောက်ဆုံးနေ့တွင်
သူ့အိမ်မှာ ထမင်း လိုက်စားရ မည်ဟု ပြောထားတာကိုတော့ ကျွန်တော် သိပါသည်။


သို့သော် စာမေးပွဲကို နောက်ဆုံးပိတ် အိတ်နှင့်လွယ်ကာ စိတ်တိုင်းကျ
ဖြေပြီးမှ အချိန်ကုန်လို့ အတန်းထဲက ထွက်လာတော့ “မိ” ကို အပေါက်ဝတွင် အသင့်
စောင့်နေတာ တွေ့လိုက် ရပါသည်။ သူ့မျက်နှာကို ကြည့်လိုက်တော့
ပြုံးလို့ရွှင်လို့။ စာမေးပွဲကို အားရပါးရ ဖြေနိုင်လို့ မဟုတ်ပါ။
ကျွန်တော့်ကို ထမင်း ကျွေးချင်လို့ ဖြစ်ပါသည်။

အိမ်ရောက်တော့
သူ့မိသားစုတွေနဲ့ မိတ်ဆက်ပေးတော့ သူ့အမ မမနုက “တို့က သစ်သစ် နေ့တိုင်း
ပြောပြောနေလို့ မောင်မြင့်နောင် အကြောင်း သိနေတာကြာလှပြီ” ဟု ရယ်ကျဲကျဲ
နောက်ပါသည်။ ထမင်းစားတော့ သူ့အစ်မတွေက ဟင်းတွေချည်း ၀ိုင်းထည့်ကြလို့
မနည်းကုန်အောင် စားပြီး ချွေးတလုံးလုံးနဲ့ ကျွန်တော့်ကို ယပ်ခပ်ပေးရင်း
ကျေနပ်နေပါသည်။

ဒါတင်မကပါ။
တစ်ခါက ကျွန်တော်သည် သူ့ကို
အလုပ်တစ်ခု ခိုင်းလိုက်မိပါသည်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ထံက ရသော
မော်စီတုံး၏ ၁၉၄၂ ခု၊ မေလ ၂ ရက်နေ့တွင် ပြောကြားခဲ့သော နာမည်ကျော်
ယင်အန်းစာပေ ဆွေးနွေးပွဲမှ မိန့်ခွန်း စာအုပ်ကလေး ဖြစ်သည်။ ရှားပါး
စာအုပ်မို့ ကျွန်တော်လည်း ဖတ်ချင်သည်။ ချက်ချင်းလည်း မဖတ်နိုင်။
သူငယ်ချင်းကလည်း ကြာကြာ မငှားနိုင်။ မိတ္တူ ကူးစက်တွေကလည်းမရှိ။


သို့ဖြင့် မိကို တာဝန် ပေးလိုက်သည်။ သူသည် ကျွန်တော့်ကို ဘာမျှမပေး။
ဘာမျှမပြော။ နောက် ၂ ရက်လောကြာတော့ ဗလာစာအုပ်နှင့် အချော ကူးပြီး
ပြန်ပေးသည်။ ဗလာစာအုပ်ကို ဖွင့်ကြည့် လိုက်တော့ ပုံမှန်လက်ရေးထက် အနည်းငယ်
သေးသယောင် ရှိသော သူ့လက်ရေး လှလှလေးနှင့် ၇၂ မျက်နှာတိတိ။ စာပိုဒ်အဆုံးမှာ
သူ ကူးပြီးသည့်နေ့ကို ၁၄-၂-၇၃ လို့ ရေးထိုးသည်မှ အပ ဘာမျှ
စပ်စုခြင်းမရှိ။ ကျွန်တော့်မှာသာ ဖျက်ရာပြင်ရာ မရှိဘဲ သေသပ်သည်သာ မက
မြန်မြန်ရအောင်ပါ လုပ်ပေးခဲ့သည့် သူ့အလိုက် သိမှုကို တွေးကာ မကြာမကြာ
အားနားနေမိခဲ့ ပါသည်။ ကျွန်တော့်ကို မိ အဲသလောက် ချစ်မှန်း ထိုစဉ်က
ကျွန်တော်တကယ်ပဲ မရိပ်မိခဲ့တာလား။ မရိပ်မိတတ်ခဲ့တာလား ကျွန်တော်
မသိခဲ့တာတော့ အမှန်ပါ။

၁၉၇၂ ခုနှစ်။
အဲသည်နှစ်ဟာ
ကျွန်တော်တို့ ဌာနဆိုင်ရာတွေ မြို့နယ်ခွဲလိုက်တဲ့နှစ် ဖြစ်ပါသည်။ မိနှင့်
ကျွန်တော်လည်း အင်းစိန်မြို့နယ်ရုံးကို အတူတူ ရောက်တဲ့နှစ်ပေါ့။
ဘာလိုလိုနှင့် ကျွန်တော်နှင့် မိတို့ အချစ်လည်းသုံးနှစ်ကျော်ခဲ့ပြီ
ဖြစ်ပါသည်။ ကျွန်တော်တို့ လက်မထပ်နိုင်ကြသေးပါ။ ကျွန်တော့် အပေါ် မိအချစ်က
တစ်ရံတစ်ဆစ်မျှ မပြောင်းလဲသော်လည်း ကျွန်တော့် အချစ်က မိ ကို
လိုက်မမီတာတော့ အမှန်ပဲဖြစ်ပါသည်။ မိက အချစ်ထက် ဘ၀ကို မစဉ်းစားသော်လည်း
ကျွန်တော်က အချစ်ထက် ဘ၀ကို စဉ်းစားနေမိပါသည်။

မိမှာကလည်း ငဲ့စရာ မိသားစုတွေက တစ်ပုံ ကြီး။
ကျွန်တော့်မှာလည်း ငဲ့စရာ မိသားစုတွေက တစ်ပုံကြီး။
ပြီးတော့ ကျွန်တော်က ဘွဲ့မရသေး။ နောက်ထပ် သုံးလေးနှစ်စောင့်ရဦးမည်။
ရာထူးကလည်း အောက်တန်းစာရေးက မတက်။ နှစ်ယောက် စလုံး အောက်တန်းစာရေး ဘ၀နဲ့
လောကထဲ ဘယ်လိုရုန်းမလဲ။ မလှသော ရုန်းကန်မှုနှင့် ပန်းပန် ရမည့် အရှုံးကို
ကျွန်တော် ရင်မဆိုင်လို။ ကျွန်တော့်မှာက လုပ်စရာတွေ တစ်ပုံကြီး ရှိသေး သည်။
ကျွန်တော်တွေးသည်။ ကျွန်တော့်ကြောင့် မိမှာသာ နစ်ဖွယ်ရှိသည်။
ကျွန်တော့်ကြောင့် မိတစ်ယောက် ပန်းမ၀င်နိုင်မှာကို ကျွန်တော်စိုးသည်။
ပြီးတော့ မိအသက်က အိမ်ထောင်ပြုဖို့ ကောင်းပြီ။ ကျွန်တော့်ကြောင့်တော့ဖြင့် .
. .။

ဤသို့ဖြင့် လုပ်သားကောလိပ်ကို အကြောင်း ပြကာ
ကျူတိုရီရယ်တွေကို အကြောင်းပြကာ ကျွန်တော် မိကို မသိမသာ ခွာစပြုပြီ။ တစ်ခါ
တစ်ရံ ကျွန်တော့် အရိပ်အခြေကို ဘာမှ မသိတဲ့ ရိုးအတဲ့ မိက “စနေရုံးနေ့
တစ်ဝက်ပြီးရင် ရုပ်ရှင်လေး ဘာလေး ကြည့်ရအောင် မောင်ရယ်” လို့ ဣနြေ္ဒလေးနဲ့
ပူဆာနွဲ့သည့်အခါ ကျွန်တော် သိသိ ကြီးနှင့် ကျူတိုရီရယ်ရှိလို့ဟု
တမင်ငြင်းခဲ့ပြီးမှ ဘုန်းကြီးကျောင်းတွင် တစ်ယောက်တည်း အခန်း အောင်းပြီး
စိတ်နဲ့ကို အလိုမကျ ဒေါသတွေ ပေါက်ကွဲခဲ့ ရတာတွေကိုတော့ မိတစ်ယောက်
မသိနိုင်ပါ။ နားလည်မှု အားကြီးသော မိက အမြဲ ခွင့်လွှတ်နေမှာ သေချာပါသည်။
မသေချာတဲ့ ကျွန်တော့် ရင်တွေသာ တုန်ခါမှုတွေနဲ့ နပန်းလုံး နေရပါသည်။

မိက မရိပ်မိသော်လည်း ရိပ်မိသည့် သူငယ်ချင်းတွေ ကြားအောင် “ငါ မိကို
ဘယ်တော့မှ လက်မထပ်ဘူးကွာ” ဆိုတဲ့ စကားတစ်ခွန်းက ကျွန်တော်နဲ့ မိအကြား
ထိုးထားတဲ့ တံတားတစ်ခုကို ကျိုးသွားစေခဲ့သလို မိနဲ့ ကိုထွေးမောင် အကြား
တံတားအသစ်ထိုးဖို့ ဖြစ်သွားခဲ့ရပါသည်။ တကယ်တော့ ကိုထွေးမောင် ဆိုတာ
ကျွန်တော်မိကို စချစ်ကတည်းက နောက်ကောက် ကျခဲ့ရသူပါ။ အခုအထိ မိကို
ချစ်နေဆဲဖြစ်ပြီး တဖက်သတ် မျှော်လင့်နေသူ ဖြစ်ပါသည်။ ပြီးတော့
ကိုထွေးမောင်က တစ်ဦးတည်းသောသား။ မိဘတွေက ပြေလည်သည်။ ပညာတတ် ဘွဲ့ရ။
အသောက်အစား အပျော်အပါး မရှိ။ ရိုးရိုးကုပ်ကုပ် နှင့် အလုပ်ကို ရိုသေသူ။
ပြီးတော့ ကျွန်တော်တို့နှင့် တစ်ဌာနတည်း။ ကျွန်တော့် အကြောင်းကို သိသော
သူငယ်ချင်းတွေက မိနစ်နာမှာ စိုးသည်။ ဒါကြောင့် ကျွန်တော့် ကွယ်ရာတွင်
ကျွန်တော့် အကြောင်းကို ပြော၍ ကိုထွေးမောင်နှင့် မိကို နီးစပ်စေချင်ကြသည်။

ဖြစ်ချင်တော့။ ဌာနဆိုင်ရာက သင်တန်း တစ်ခုကို ကျွန်တော် မြို့ထဲမှာ
သွားတက်ရသော ကာလတွင်မှ တိုက်တိုက်ဆိုင်ဆိုင် ကိုထွေးမောင်က ကျွန်တော်တို့
ရုံးသို့ ပြောင်းလာသည်။ သင်တန်းသုံးလ ကာလ အတောအတွင်း ရုံးကို အဆက်ဖြတ်
လိုက်သလို မိကိုလည်း ကျွန်တော် အဆက်ဖြတ်လိုက်သည်။ ကျွန်တော် သင်တန်း
ပြီးလို့ ရုံးပြန်တက်တော့ မိနှင့် ကိုထွေးမောင်တို့ ပြေလည် သွားကြပြီ။

သို့သော် ကျွန်တော့် ရှေ့တွင်မူ သူတို့အတူ တွဲ၍ မသွားရဲ။ မလာရဲ။ မစားရဲ။
ကျွန်တော့်ရှေ့ မှာ သတိထား နေကြရပုံရပါသည်။ ကျွန်တော် မယူနိုင်တာ
မှန်သော်လည်း မိကိုတကယ် လက်လွှတ်လိုက်ရပြီ ဆိုသောအခါ ရင်မှာ နာကျင်
ရပြန်ပါသည်။ အတ္တကို ဗဟိုပြုသော သူကို လူဟု သမုတ်လျှင် အမှန်ပင်
ကျွန်တော်သည် အတ္တကို ဗဟို ပြုခဲ့သူ ဖြစ်ပါသည်။ သည့်အတွက်လည်း
စိတ်ကောင်းဝင်သော အခါ ရှက်မိတာလည်း အမှန်ပင် ဖြစ်ပါသည်။ ဒါကြောင့်
မိမိကြောင့် သူတစ်ပါး အနေခက်သည့် အဖြစ်ကို မလိုလားသူပီပီ အင်းစိန်
လျှပ်စစ်ရုံးက ကျွန်တော် အမြန်ဆုံး ခွာမည်ပြုစဉ် ကျွန်တော်တို့
မိတ်ဆွေအုပ်စု ထဲမှ ကျွန်တော့်အား ချစ်ကြောက်လေးစားသည့် နောင်တော် တစ်ဦးက
စကားစလာပါသည်။


“ညီလေး မြင့်နောင်ရာ မင်းစိတ်မဆိုးဘူး ဆိုရင် အစ်ကိုကြီး နည်းနည်းလောက် စကားပြော ချင်တယ်ကွာ”

“ရပါတယ် အစ်ကိုရာ ပြောပါ”

“တခြား မဟုတ်ပါဘူးကွာ။ မင်းကို မောင်ထွေး မောင်က စကားနည်းနည်း ပြောချင်လို့တဲ့ကွာ”

“ဖြစ်တာပေါ့ဗျာ။ ကျွန်တော် အဲဒီလောက် မိုက်လုံးမကြီးပါဘူးဗျ”

သို့ဖြင့် ဆိတ်ကွယ်ရာ တစ်နေရာတွင် ကျွန်တော်နှင့် ကိုထွေးမောင်တို့
ပွင့်လင်းစွာ စကားပြောဖြစ်ကြသည်။ သူပြောသမျှ စကား တွေကို ချုပ်သော်။ သူ့ကို
ခွင့်လွှတ် နားလည်ပေး ပါဆိုသည့်အကြောင်း။ ပြီးတော့ သူ မိအပေါ် ဘယ်လောက်
ချစ်ကြောင်းနှင့် မိက ကျွန်တော့် အပေါ် ဘယ်မျှ ချစ်ကြောင်းတို့ ဖြစ်သည်။

“တကယ် ပြောတာပါ ကိုမြင့်နောင်။ မခင်မိုးသစ် ခင်ဗျားအပေါ် ဘယ်လောက်ချစ်သလဲ
ဆိုရင် ကျွန်တော့် မေတ္တာကို ဒီအတိုင်း လက်ခံတာ မဟုတ်ဘူးဗျ။ သူ့ဘ၀မှာ
ခင်ဗျားဟာ အမြဲ ရှိနေမယ့် သူတဲ့။ သူ ခင်ဗျားကို မေ့ထားမှာ မဟုတ်ဘူးတဲ့။
ကိစ္စရှိရှိ မရှိရှိ သူနဲ့ခင်ဗျားက ဆက်သွယ် နေကြမှာတဲ့။ အဲဒါကို
သဘောပေါက်မှ၊ နားလည် ခွင့်လွှတ်နိုင်မှ သူ့မေတ္တာကို ရမယ်တဲ့ဗျာ”

“ဗျာ”

သူ့ဗျာနှင့် ကျွန်တော့်ဗျာ မတူနိုင်သည်ကို ကျွန်တော်ပဲ သိပါသည်။ လွတ်တဲ့
ငါးကြီးသည် မှန်သော်လည်း ကျွန်တော် ၀မ်းသာမိတာ အမှန်ပါ။ ထို့အတူ မိအပေါ်
ထားခဲ့သော ကျွန်တော်၏ မျဉ်းဖြောင့် တစ်ကြောင်းလို သစ္စာကလည်း ကျွန်တော့်
မေတ္တာ၏ ထာဝရ အဖြူရောင် သက်သေ ဖြစ်လိမ့်မည် ထင်ပါသည်။
“အေးဗျာ ခင်ဗျားက အဲဒီလို ပြောတော့ ကျွန်တော်ကလည်း ခင်ဗျားအတွက် နောက်ဆုံး လက်ဆောင် စကားတစ်ခွန်းအဖြစ် ပြောခဲ့ချင်ပါ တယ်။

တခြားမဟုတ်ပါဘူး။ ကျွန်တော် မိကို ချစ်ခဲ့တဲ့ ကာလပတ်လုံး လက်ကလေးသော်မှ
ဖွဖွလေးတောင် မနမ်းခဲ့တာ အမှန်ပါ။ ဘာပြုလို့လဲ သိလား။ ကျွန်တော့်ကို
သုံးနှစ်လုံးလုံး မနက်စာကျွေးပြီး ချစ်ခဲ့တဲ့ အမေလို ချစ်သူမို့လို့ပါဗျာ”
သစ္စာစကားတို့မည်သည် နောက်ကွယ်၌ တစ်စုံတစ်ရာ ဘာအစွန်းအထင်းမှ ရှိမည်မဟုတ်
သည်ကိုကျွန်တော် ယုံကြည်သလို ကိုထွေးမောင်လည်း ယုံကြည်လိမ့်မည် ထင်ပါသည်။
သည်လိုနှင့် မိနဲ့ ကျွန်တော် ဘ၀ခြင်း ခြားခဲ့ကြပါသည်။ ကျွန်တော် မိကို
မမေ့ပါ။ မမေ့နိုင်ပါ။ လောက၌ အမေ့ မေတ္တာနှင့် တူသော အချစ် သည် ဧကန်ရှိသည်
ဆိုငြားအံ့။ ကျွန်တော်သည် “မိ” ကိုသာ ။

ကျွန်တော့်သမီးလတ်က
သူ့အတွက် အမှတ် တရ၀တ္ထုတစ်ပုဒ်မှ ကျွန်တော်က ရေးမပေးခဲ့ဖူး ဘူးဟု ဆိုပါသည်။
ကျွန်တော် ယခုအမှတ်တရ တကယ် ရေးလိုက်ပါပြီ။ တကယ့် အမှတ်တရ ၀တ္ထုဖြစ်ပါသည်။
ကျွန်တော့်ဝတ္ထုကို သမီးလတ် ဖတ်ပြီးသော အခါ “အဖေကလည်း ဘာမှလည်း
မဆိုင်ဘဲနဲ့” ဟုဆိုလျှင် ကျွန်တော်ရှုံးပါသည်။ သို့မဟုတ်
“ဟင် ရေးမယ့် ရေးတော့လည်း အဖေ့ဟာ က ” ဆိုပြီး နှုတ်ခမ်းတော်စူလျှင် ကျွန်တော် ပြုံးပါမည်။

အဘယ်ကြောင့်ဆိုသော်
ကျွန်တော့်အချစ်ဦး၏ အမည်မှာ “ခင်မိုးသစ်”
ကျွန်တော့် သမီးလတ်၏ အမည်မှာ “ခင်မေသူ”
ဒါကိုလည်း တိုက်ဆိုင်တာပဲလားဟု အမေးတော် ရှိခဲ့ပါလျှင် ကျွန်တော်သည် အလွယ်တကူ ၀န်ခံဖို့ရာ အမြဲတစေ ငြင်းဆိုနေမည်သာ ဖြစ်ပါသည်။




မြေလတ်မောင်မြင့်သူ
(ပေဖူးလွှာ မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီလ ၂၀၁၁)
avatar
Admin
Admin

Posts : 53
Join date : 2011-01-31
Age : 25
Location : Yangon,Myanmar

http://friendworld.friendhood.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum