Admin

Admin:

Name Christano John Bryan Joseph
Age 18
e-mail onlinespyboy@gmail.com
Website http://friendworld.friendhood.net
နောက်ဆုံးထွက် album 10
Friends World
Green Tea Restaurant

ပြောင်းလဲ ခြင်းလျှင်

Go down

Online ပြောင်းလဲ ခြင်းလျှင်

Post by Admin on Tue Jun 21, 2011 2:30 am

မြစ်ကလေး
နွေးအိက ဘွားအေ ဒေါ်ရေးမြိုင် ထိုင်နေသော ပက်လက် ကုလားထိုင်၏ ခြေရင်း
ကြမ်းပြင်တွင် သက်သောင့်သက်သာ ထိုင်ကာ ကြယ်စင် ညီအစ်မ ဆိုသော
ကိုရီးယားကားကို ကြည့်ရင်း ရေးထိုးထားသော စာတန်းတွေကို ဖတ်ပြ နေလေသည်။




ဒေါ်ရေးမြိုင်၏ သီးသန့် သူနာပြုကလေး အေးက
ဒေါ်ရေးမြိုင်အား ရေချိုးဖို့ လာခေါ်သည်။ နုနုကို ရေနွေး စပ်ထားခိုင်းပြီးပြီ
အဘွား၊ ရေချိုး ပြီးတာနဲ့ နုနု ထမင်းပွဲ ပြင်ပြီးမှာနဲ့ အံကိုက်ပဲ”

နွေးအိသည်
အသံထွက် ရွတ်ဖတ်ခြင်းကို ရပ်တန့်ကာ ဘွားအေကြီး ဘာပြောမလဲ စောင့်ဆိုင်း၏။
သူမ ဘာသာတော့ ရုပ်ရှင် အကြည့်မပျက်။ ဒေါ်ရေးမြိုင်က မှုန်သီသော
မျက်လုံးများဖြင့် ဆရာမလေးအား ကြည့်သည်။ နာလန် ထလာသော သူမသည် အသားအရေ
ပြန်လည်ပြည့်တင်းစ ဖြစ်လာသည့်တိုင် အတန်ငယ် ဖြူရော်ရော်ချည့်နဲ့နဲ့ ရှိနေဆဲ
ဖြစ်လေသည်။

“ချမ်းတယ် ဆရာမ၊ အဘွားကို ရေနွေးဖတ်ပဲ တိုက်ပေးပါ”

“ဟာ- အဘွား၊ မချမ်းပါဘူး အဘွားရယ်၊ ဒီမှာ ကြည့်ပါဦး၊ နွေးအိဖြင့် ချွေးသံတရွှဲရွှဲနဲ့”

ဆရာမက
ရယ်မောရင်း နွေးအိ၏ ပါးဖောင်းဖောင်းကလေး တစ်ဖက်ကို လက်ညှိုးဖြင့်
တို့ထိပြသည်။ သူမ၏ လက်ညှိုးထိပ်တွင် ချွေးစိုစွတ်သည်ကို ရှေ့တိုး
ပြခြင်းဖြင့် နွေးအိ ပူအိုက်နေကြောင်း သက်သေထူ၏။ ဆရာမလေးက သူမကိုယ် သူမ
ယူမှတ်လျက် အသိ ပညာရှင်ကြီး သဖွယ်၊ ဒေါ်ရေးမြကို ကျတော့ ဘာမှ မသိ နားမလည်သော
ကလေး တစ်ယောက်သဖွယ် ယူဆနေကာ သွန်သင် ပညာပေးရင်း ချော့မော့ နှစ်သိမ့်သည်။

“အဘွားဟာ နွေးအိထက် အသက် ၇၅နှစ် ပိုကြီးတယ်လေ ဆရာမရဲ့၊ အခု အဘွားအသက် ၈၅နှစ် ရှိပြီ၊ အဘွားဟာ အိုလှပါပြီကွယ်”

အဘွားကလည်း အာဂ အဘွားပေပဲ။ လူ့အပူအအေး သဘာဝတွေလောက်တော့ နောကျေလှပေါ့။
သူနာပြုကလေး တွေဝေသွားသည်။ ပြီးတော့မှ အဘွား၏ မျက်နှာကို အားတုံ့အားနာ
ကြည့်၏။ အသက် ၁၀နှစ် အရွယ်နှင့် အသက် ၈၅ နှစ် အရွယ်တို့၏ ခံနိုင်ရည်အားကို
သူမအနေနှင့် ထပ်တူညီမျှ မတွက်ဆ သင့်သည်ကိုလည်း သတိ ထားမိသွားလေသည်။

“အင်းပါလေ၊ ဟုတ်ပါတယ်၊ ရေဖတ်ပဲ တိုက်ပါ့မယ် အဘွားရယ်”
ဟုလည်း လူကြီး ကျေနပ်အောင် အလျှော့ ပေးလိုက်လေ၏။

ဒေါ်ရေးမြိုင်၏ ခင်ပွန်းသည်သည် သားသမီး သုံးယောက်မှ ဆယ်နှစ် မကျော်သေးခင်
ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်ပြီး ဆုံးပါး သွားခဲ့လေသည်။ ကလေးတွေ
ရှေ့ရေးအတွက် သူမ တစ်ကိုယ်တည်း ရုန်းကန် ပျိုးထောင်ပြီး အပြိုင်းအရိုင်း
ကြီးပြင်းစေခဲ့ရ၏။ သူတို့ ခြေထောက်ပေါ် သူတို့ ရပ်တည်နိုင်အောင် သူမ ပဲ့ပြင်
ဦးဆောင်နိုင်ခဲ့လေသည်။ သမီးတွေက အချိန်တန် အရွယ်ရောက်ပြီး ပညာစုံလင်
ပြီးသည်နှင့် အသီးသီး အသက အိမ်ထောင်ရက်သား ကျသွားကြသည်။
ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်ကိုလည်း ဒေါ်ရေးမြိုင် တာဝန် ကျေခဲ့၏။

တစ်ဦးတည်းသော သားသည် အရာရှိ ဖြစ်ခဲ့သည်။ မိသားစု တာဝန်ကို မိခင်ထံမှ
လက်လွှဲ ယူခဲ့သည်။ လိုတာမရ၊ ရတာမလို ရသည့်အထဲ မိန်းမ တစ်ယောက်ယောက်ကို
ရွေးချယ်လျှင် အမေနှင့်၊ နှမတွေနှင့် အဆင်ပြေဖို့ အထူး ကြောင့်ကြခဲ့သည်။
အဲသည် အကြောင်းတွေနှင့် အတူ သားသည် လူပျိုကြီး ဖြစ်မှန်းမသိ ဖြစ်တည်
လာခဲ့တော့၏။ မိသားစုကို မားမားမတ်မတ် ရပ်တည်နိုင်အောင် ကျားကန် ပေးခဲ့သော
သားအပေါ်တွင် ဒေါ်ရေးမြိုင်သည် ကျေးဇူးတင် ဂုဏ်ယူလှစွာ သာဓု အကြိမ်ကြိမ်
ခေါ်မိသည်။ သားသည် မိခင် ဒေါ်ရေးမြိုင်လောက် အသက် မရှည်ခဲ့။ သူအသက် ငါးဆယ့်
ငါးနှစ်ကျော်စွန်းစ အရွယ်တွင် အဆုတ် ကင်ဆာ၏ ထိုးနှက်ချက်ဖြင့် ဆုံးပါး
သွားခဲ့လေသည်။ ပြင်းထန်သော ကင်ဆာ ဝေဒနာဆိုး၏ ဒဏ်ကို သူရှာဖွေ
စုဆောင်းထားသော ဥစ္စာ ဓနဖြင့် အတတ်နိုင်ဆုံး ခုခံကာကွယ်ကာ သားသည် ခြောက်လ
မျှသာ သက်သောင့်သက်သာ နာကျင်ခံစား သွားရစေနိုင်စွမ်း ခဲ့ပေ၏။


သားဖြစ်သူ ချန်ထား ပေးခဲ့သော တိုက်ခန်းနှင့် ၀င်ငွေတို့ကြောင့် ဒေါ်ရေး
မြိုင် မကြောင့်မကြ နေထိုင်နိုင်ခဲ့သည်။ သူ့အစ်မအတွက် တိုက်ခန်းကိုလည်း
သားကပဲ အခန်းချင်း ကပ်လျက် ၀ယ်ယူ ထားပေးခဲ့လေ၏။ ကိုရီးယား ကားကို အသံထွက်
ဖတ်ပြနေကျ ဟောသည်မြစ်ကလေး နွေးအိသည် ခင်မ၏မြေး ဖြစ်သည်။ ခင်မ၏ သားက
မိဘထံတွင် မှီခိုပူးတွဲ နေထိုင်လေတော့ သိုက်သိုက်ဝန်းဝန်း ရှိနိုင်ကြပေ၏။

သူမတို့၏ တိုက်ခန်းမှာ အာရှတော်ဝင် အထူးကု ဆေးခန်းနှင့် မလှမ်း မကမ်းမှာ
ရှိတာမို့ တက္ကစီငှား စီးသွားလျှင် ခေတ်ကာလ ငွေကြေးတစ်ထောင်
ပေးလိုက်ရုံဖြင့် စီးသူ၊ မောင်းသူ ကျေနပ်နိုင်ကြသည့် အနေအထား။


“ကင်ဆာ ဖြစ်မှတော့ အမေရယ်၊ ကုသလို့ ပျောက်ကင်းနိုင်တဲ့ အမျိုးအစားက
နည်းပါးပါတယ်။ သားဖြစ်နေတဲ့ ကင်ဆာမျိုးက ပြင်းထန်တဲ့ အမျိုးအစား အမေ။
ရှိသမျှ အကုန်ခံနေလည်း နောက်ဆုံးတော့ သေတာပါပဲတဲ့”

ဟု သူက မိခင်ကို ရှင်းပြ နှစ်သိမ့်သည်။ သူ့ဝေဒနာကို သားက အေးဆေး တည်ငြိမ်စွာ ရင်ဆိုင် သွားခဲ့သည်။

“သားဟာ အသက် ငါးဆယ့်ငါးနှစ် အရွယ် အထိ သန်သန်စွမ်းစွမ်း ကျန်းကျန်းမာမာနဲ့
အမေနဲ့ အတူ နေထိုင်နိုင်ခဲ့တယ်၊ သားအမိ သင့်သင့်မြတ်မြတ် ဘာဝနာ တရား
ပွားများနိုင်ခဲ့ကြတယ်၊ သားတို့ ကုသိုလ်ကောင်းကြပါတယ်ဗျာ”

အဆုတ်ကင်ဆာ ဖြစ်ခြင်းတွင် စီးကရက် သောက်ခြင်းသည်လည်း တစ်ကြောင်း အပါအ၀င် ဖြစ်သည်ဟု ဒေါ်ရေးမြ မှတ်သားဖူးပါသည်။

“စီးကရက်၊ ဆေးလိပ် မသောက်လည်း အသက်အရွယ် ရလာရင် ရောဂါတစ်ခုမဟုတ် တစ်ခုတော့
ဖြစ်လာတတ်တာပေါ့ အမေ၊ ကင်ဆာ မဟုတ်လည်း တခြားအကြောင်း တစ်ခုခုကြောင့်
သေသွားနိုင်တာပါပဲ။ ခုလိုသာ လူတွေ အသက် ကြီးလာပြီး သေဆုံး မသွားကြရင်
ကမ္ဘာကြီးမှာ လူဦးရေတွေ တိုးပွားကျပ်သိပ်ပြီး ခြေချစရာ မရှိဘဲ
ဖြစ်ကုန်တော့မှာပေါ့ အမေ။

“အမေ၊ တရားနဲ့ ဖြေပါ။ သားက ဘုရား
ကျောင်းကန်တွေမှာ အလှူဒါန ပြုနိုင်ခဲ့သလို မရှိဆင်းရဲ ကလေးသူငယ် ပညာရေး
အတွက် စေတနာ သုံးတန် ပြဋ္ဌာန်းပြီး ရေစက်ချ အမျှ အတန်း ဝေနိုင်ခဲ့သားပဲ။
ဘ၀ကူး ကောင်းမှာပါ”

သူ မျက်စိမှိတ်သော အခါ အမေအိုကြီး နေစရာ
တိုက်ခန်းနှင့်၊ လစဉ်အတိုးထုတ် သုံးရန် စုဆောင်းထား ငွေနှင့် မတောင့်တ
မကြောင့်ကြရအောင် ထားရစ်ခဲ့လေသည်။ သား မှာသည့်အတိုင်း ဒေါ်ရေးမြိုင်က
တရားနှင့် ဖြေဖျောက် နိုင်ဖို့တော့လည်း သတိထား ခဲ့ပါသည်။ သို့သော်လည်း
ဖြစ်နိုင်လျှင်တော့ မိခင် ဖြစ်သော သူမက အရင်သွားကာ သားကို ဆက်လက်ရှင်သန်
နေရစ်စေချင်လှသည်။

သားအမိ နှစ်ယောက်နှင့် အိမ်ဖော်မကလေး နုနုတို့
အတူ နေထိုင်ကြသော တိုက်ခန်းတွင် သား မရှိတော့သော လစ်ဟာချက်သည် သူမကို
ပြင်းထန်စွာ ကြေကွဲ ခံစားရစေသည်။ စိတ်၏ ထုထောင်းချက်က အပြင်းအထန် အတွင်း
လှိုက်စားသည်။ အပြင်ပန်းအားဖြင့် ကလည်း မုန်တိုင်းနှင့် မိုးနှင့်
နေရာတကာမှာ စွတ်စို အေးစိမ့်ပြီး ရာသီဥတုက ဆိုးရွားခဲ့ပြန်သည်။
သို့နှင့်လျှင် ၈၀ ကျော် အမေအိုကြီး သူမမှာ နှလုံး ရောဂါထ၊ ရင်ကျပ်၊
ချွဲကျပ်၊ ချောင်းဆိုး၊ သွေးတိုးဖောက်နှင့် ဆေးရုံ ဆယ်ရက်လောက်
တက်လိုက်ရချေတော့၏။ ဆေးရုံ ဆင်းလာသော အခါ သူမကို ပြုစု စောင့်ရှောက်ပေးရန်
အချိန်ပိုင်း သူနာပြု ဆရာမကို ငှားရမ်း ထားရသည်။ ခုဆို တစ်လကျော်
စွန်းခဲ့ပြီ။ အစဦးပိုင်းတော့ နေ့ လေးထောင်၊ ညလေးထောင် ကျပ်နှုန်း။

သူမ ထူထောင် လာသည့်တိုင် ညဘက်ကျလျှင် လူနာစောင့် လိုအပ်နေသေးသည်။ နုနုက
အနီးကပ် ဆင်အော်တာတောင် မနိုးလောက် အောင် အအိပ်စုံမက်ကာ အရေးဟဲ့ဆို သူမ
အသက် ပျောက်ပြီးတာတောင် နုနု သိလိုက်မှာ မဟုတ်ဘူးဟု အဘွားက ထေ့ငေါ့မိသည်
အထိ။ ညစောင့်ဖို့တော့ ဆက်ငှားထားမှ ဖြစ်ပေမည်။ ဘယ်အချိန် ဘယ်ဆေးတိုက်၊
မျက်စိကို ဘယ်အချိန် ဘယ်မျက်စဉ်းခတ်နှင့် နုနုကို စနစ် တကျ သင်ပြညွှန်ကြား
ထားပေးပါ ဆရာမဟု ဒေါ်ရေးမြိုင်က ကြိုတင်တောင်းဆိုခဲ့သည်။ မလို လားအပ်ဘဲ
ငွေကြေး အပို မကုန်ကျရလေအောင် ဒေါ်ရေးမြိုင် စီစဉ်သည်။ ရှေ့လျှောက်ဆိုလျှင်
သူမက တစ်ပတ်တစ်ကြိမ်သာ လာပေတော့မည်။

ဒေါ်ရေးမြိုင်က
သက်ပြင်းချသည်။ ရှည်လျားသော ဘ၀ခရီးတွင် တက်တစ်ချီ၊ ဆင်းတစ်လှည့်နှင့်
လောကဓံ အထုအထောင်းသည် များခဲ့ပါ၏။ နာမကျန်းစဉ်တွင် လုံလောက်သော ပြုစုကု
သမှုကို ရရှိသောကြောင့် သူမ အိုဇာတာကောင်း သည်ဟု ဆွေမျိုးမိတ် သင်္ဂဟတွေက
ပြောကြသည်။ အဲသလို အိုဇာတာကောင်းစေသော သွားလေသူ သားကို သတိတရ လွမ်းဆွေး
ရပြန်လေသည်။ သူနာပြုက အဘွား၏ အင်္ကျီ ကြယ်သီးတွေကို ဖြုတ်တော့မည့်ဟန်ပြင်ခိုက်
နုနုက မုန့်ဘူး အ၀ိုင်းကြီး တစ်ခုကိုင်ပြီး အခန်းထဲသို့ ၀င်လာသည်။

“အဘွားကို ရေဖတ် တိုက်ဦးမယ်လေ၊ တော်နေ အိုဗာတင်းတိုက်မှ မုန့်ကျွေးပေါ့” ဟု ဆရာမက ကန့်ကွက်သည်။
နုနုက မုန့်ဘူးကြီးကို အဘွား နံဘေးတွင် ချထားလိုက်သည်။ မုန့်ဘူး
အဖုံးပေါ်တွင် အိမ်နေ၀တ် ပိတ်သား အင်္ကျီကလေး တစ်ထည် ခေါက်လျက်သား တင်နေလေသည်။

“ဒါ- ကြယ်သီးဘူးပါ ဆရာမရဲ့၊ ပြုတ်နေတဲ့ ကြယ်သီးအစား ဆင်တူ တစ်လုံး
ပြန်တပ်မလို့ ဆိုပြီး အဘွားက ရှာခိုင်းလို့ စတိုခန်းမှာ သွားရှာလာ ရတာ”

နုနုက ရှင်းပြနေသည်။
“နုနု သေချာရှာတယ် အဘွား၊ နဂို ကြယ်သီးတွေနဲ့ အရောင်ကွက်တိ တူတာ မရှိဘူး၊ နည်းနည်း ဖျော့တာတွေပဲ ရှိတယ်”
နုနုက အင်္ကျီပေါ်မှ ကြယ်သီး အပြာရင့်ရောင်ကလေးတွေကို လက်ညှိုးနှင့်
ထောက်ပြသည်။ တစ်နေရာတွင် ကြယ်သီးမရှိဘဲ လစ်ဟာနေသည်ကို ဆရာမ တွေ့ရလေသည်။

“အဖုံးဖွင့်စမ်းပါဦး၊ မှန်း”
ဟု အဘွားက ရှေ့သို့ ခါးကိုင်းပြီး ကဲကြည့်သည်။

အဘွား၏ အတန်ငယ် နှေးကွေးသော လှုပ်ရှားမှုထက် အရင်ဦးစွာ ဆရာမက ဆိုးဆိုးဆတ်ဆတ် အဖုံးဖွင့်၏။
“အမလေး၊ ကြယ်သီးတွေ၊ နှိပ်စေ့တွေ၊ ဆိုက်စုံ၊ ရောင်စုံပဲတော့်”

နှစ်ခုသုံးခုစီ။ တစ်ခုချင်းလည်းပါ၏။ ပုံစံတွေလည်း စုံတကာ စေ့လိုက် သမှ။
ဆရာမမှာ သူမ ရည်ရွယ်ရင်း အဘွား ရေဖတ်တိုက်မည့် အရေးကို မေ့လျော့လျက်
ကြယ်သီးတွေကို သဘောကျစွာ ကိုင်ကြည့်နေတော့သည်။

“လိုရင်သုံးဖို့
အဘွား စုဆောင်းထားတာ၊ အဘွားက မုဆိုးမ ဘ၀နဲ့ အိမ်ထောင်ထိန်း လာရတာဆိုတော့
အစစ ချွေတာစုဆောင်း ထားရတာပဲ ဆရာမရေ၊ ကြယ်သီးပြုတ်တွေ အပိုတွေဆိုလည်း
ကောက်သိမ်း”
အဘွားက သူမ၏ လုပ်ရပ်ကို ရှင်းပြသည်။

“ပလတ်စတစ်
အိတ်ခွံတွေ၊ ဆေးဘူးခွံတွေ၊ စက္ကူဘူး၊ သံဘူး၊ အရွယ်စုံ ဆိုက်စုံ၊
ဓာတ်ဘူးဟောင်း၊ မီးခလုတ်၊ မီးပလတ်၊ မီးကြိုး၊ စတိုခန်းထဲမှာ ဆိုတာ
ခြေချစရာ၊ လက်မြှောက်စရာ နေရာ မရှိအောင်ဘဲ”

အဘွား ခြေရင်းတွင်
ထိုင်ချရင်း နုနုက ပြောပြ၏။ တကယ်တော့ ညည်းညူနေတာပင်။ နွေးအိကို လာခေါ်သော
သူမ၏အဘွား ဒေါ်ရေးမြ၏ သမီးကြီး ဒေါ်ခင်မက အခန်းဝသို့ ရောက်ရှိလာသည်။ နုနု
ရေရွတ် နေတာတွေကို နားစွန် နားဖျားကြားပြီး ပြုံးနေ၏။


“တချို့လွှင့်ပစ် လိုက်ရအောင်ဆိုလည်း အဘွားက သူကိုယ်တိုင် စတိုခန်းဝမှာ
ရပ်ပြီး ရွေးတာလေ၊ အခန်းသာ သပ်ရပ်သွားပြီး အန်တီတို့သာ မောသွားတယ်၊
အဘွားကတော့ လွှင့်ပစ်စရာကို မတွေ့ပေါင်”
ဟု စကားဆက်၏။

“ဒါတွေက အန်တီတို့ ညီအစ်မ တစ်သက်လုံး ကြုံတွေ့ လာရတာတွေပေါ့ သမီးရေ”

သည်တော့မှ နုနုကလည်း ပြန်လှည့်ကြည့်ရင်း ပြုံးဖြဲဖြဲ လုပ်ကာ
ခေါင်းညိတ်သည်။ အဘွားကား သူမ၏ မျက်မှန်ထူကြီး အောက်မှ မျက်လုံးတွေ
အစွမ်းကုန် ဖွင့်ကာ ကြယ်သီးကို ရှာဖွေဆဲ။

“အဘွား လိုချင်တာ ရှိတိုင်း နုနု ခဏခဏ ရှာပေးရတယ်၊ ရှိလည်း ရှိတာချည်းပဲ၊ အဘွားရဲ့ လိုတာရ စတိုခန်းကိုး”

လက်မြန်သော ဆရာမသည် အဘွား၏ ကြယ်သီးဘူးထဲသို့ ဆတ်ခနဲ လက်နှိုက်လိုက်လေသည်။
“တွေ့ပြီ အန်တီ၊ နုနု ပြောသလိုပဲ လိုတာရပြီ”

ဆင်တူ မရှိပါဘူးဆိုသော နုနု၏စကားကို ငြင်းဆိုသည့်နှယ် အတော် ဆင်တူယိုးမှား
ကြယ်သီး တစ်လုံးကို ဆရာမက ရှာဖွေ တွေ့ရှိ၏။ သုံးယောက်သား လက်ဖျားခါလေ၏။

“ဟိုတစ်ခု၊ ဒီတစ်ခု ကောက်စု ထားရတာ”
ဟု ဒေါ်ရေးမြိုင်က အေးဆေးစွာ ဆိုလေ၏။

“အဘွားက တော်တော့်ကို စနစ်ကြီးတယ်နော် အန်တီ”
ဆရာမကလေးက မှတ်ချက်ချသည်။

“စနစ်ကြီး ရတာပေါ့ကွယ်၊ ခင်မတို့ အဖေ ဆုံးသွားတော့ အဘွားက အထက်တန်းပြ
ကျောင်းဆရာမ အလုပ်နဲ့ ကလေး ၃ ယောက်ကို ကျောင်းထား ပညာ သင်ပေးခဲ့ရတာ၊ ဆရာမ
လစာနဲ့ လုံလောက်အောင် သုံးစွဲရတာပေါ့”

“အထက်တန်းပြ ဟုတ်လား၊ အဘွားက ဘွဲ့ရပေါ့နော်”

“အဘွားက လုပ်သက်နဲ့ တက်တာလေ”
နုနုရော ဆရာမပါ အဘွားအပေါ် အထင်ကြီးရမှန်းသိလာသည်။

အဘွား၏ ရှေးခေတ်အထက်တန်းပညာသည် ဘယ်နည်း နောလေလိမ့်မလဲ။
“ကျူရှင်ပြခတွေလည်း နည်းမှာ မဟုတ်ဘူးနော်”

ဟု ဆရာမက မေးမြန်းသည်။
ဒေါ်ရေးမြိုင်က ပြုံးယောင်ပြုသည်။
“အဲဒီခေတ်တုန်းက ကျူရှင် ဆိုတာမရှိဘူး ဆရာမ၊ ဆရာနဲ့ ကျောင်းသား ဦးရေ မျှတတော့ အတန်းထဲမှာ လုံလောက်အောင် သင်ပြပေးနိုင်တယ်”

ဆရာမ နားမလည်ပါ။
“အဘွား အသက် သုံးဆယ်လောက်၊ လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ် လောက်ပေါ့၊
အဲဒီတုန်းက ပိုက်ဆံ တန်ဖိုးမြင့်တယ်၊ လက်ဖက်ရည် တစ်ခွက် တစ်မတ်၊ ရွှေဈေးက
၁၈၀ လောက် ၂၀၀ လောက် ပေါ့နော”

“အန်တီတို့ ငယ်တုန်းကကော အဘွားတို့ ခေတ်လိုပဲလားဟင်”
ဟု ဆရာမက ခင်မကို မေးသည်။

“ခေတ်ပြောင်းသွားပြီ ဆရာမ”
ဟု အန်တီခင်မက ဖြေသည်။

“ဟင်- ဘယ်လိုကြီး ပြောင်းသွားတာလဲ”ဟု နုနု အံ့အားသင့်နေသည်။
“ဆိုင်ကြီး ကနားကြီးတွေ မရှိတော့ဘူးလေ၊ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်တွေ
ရုပ်သိမ်းလိုက်တယ်၊ အုပ်ချုပ်ရေး စနစ် ပြောင်းသွားတယ် ပြောရမှာပေါ့”

ဤကိစ္စကို ကလေးမတို့ နားမလည်နိုင်ပေ။ အဘွားတို့ ခေတ်မှသည် အန်တီခင်မတို့ ခေတ်သို့ ပြောင်းလဲသွားခြင်း ဆိုသည်မျှသာ မှန်းဆနိုင်လေ၏။

“ခေတ်မပြောင်းခင် တုန်းကတော့ ခုခေတ်လိုပဲ စတိုးဆိုင်ကြီးတွေ
ရှိခဲ့ဖူးတာပေါ့။ ကြီးတော်နဲ့ အတူ ရိုးတိုက် ဆိုတာကြီးကို ရောက်ခဲ့ဖူးတယ်၊
ခုခေတ် စူပါဝမ်းတို့၊ ဂမုန်းပွင့်တို့လိုပေါ့၊ အဲဒီမှာ ရွှေမြင်းပျံ
ဘရိုကိတ် သွားဝယ်တာ မှတ်မိသေးတယ်၊ သူ့သမီး မင်္ဂလာဆောင်မှာမို့ သတို့သမီး
ဝတ်ဖို့ဝယ်တာ၊ အရမ်းလှတာပဲ”

ခင်မကို မွေးဖွားစဉ်က သားဦးဖြစ်၍ ပုံအော အကုန်ခံ ၀ယ်ခြမ်းကြတာကို ဒေါ်ရေးမြိုင်က ရှေးဖြစ်ဟောင်း အောက်မေ့ သတိရလာသည်။

“ကလေး အနှီးပိတ်တွေ ဆယ်ကိုက်၊ ဆယ့် ငါးကိုက်ဝယ်တာ။ ပေါ်ပလင်တစ်ကိုက်မှ တစ်ကျပ်ရယ်”
အန်တီခင်မက သူမ တက္ကသိုလ်ပညာသင် ယူစဉ် တက္ကသိုလ်တွင် မိတ်ကပ်ဘူး၊ နှုတ်ခမ်း
နီဘူး၊ ပေါင်ဒါဘူးတွေကို မဲနှိုက် ယူကြရသည်ကို ပြောပြလျှင် ဆရာမမှာ
တအံ့တသြဖြစ်နေ၏။ အဝေးသင် စာပေးစာယူပညာရေးနှင့် ဘွဲ့ရလာ သဖြင့် တက္ကသိုလ်
ဆိုသည်ကို နားထဲမှာ စိမ်းနေ လေသည်။

“အန်တီ ဘွဲ့ရတဲ့အထိ ခေါက်ထီးခေတ် မစားသေးဘူး၊ နေပူထဲထွက်တဲ့အခါ ကြက်ဆင် ဖဲထီး ဆောင်းရတာ”
ဆရာမတို့၊ နုနုတို့မှာ အန်တီခင်မ ပြောသော ခေတ်အကြောင်း မြင်ယောင် ကြည့်နေကြတော့သည်။

“နိုင်ငံခြားက တင်သွင်းရတဲ့အစား အသောက်တွေ ရှားပါးသွားပြီ။ ဂလက်ဇို၊ လက်
တိုဂျင်လိုနို့မှုန့်တွေ၊ ထောပတ်၊ ဒိန်ခဲ၊ ချောက လက်၊ ပန်းသီး၊ ကိတ်မုန့်၊
အဲဒါမျိုးတွေပေါ့၊ နေမကောင်းမှ ဒါမှမဟုတ် လက်ဆောင်ပေးဖို့ ကျမှ
ဝယ်ခြမ်းရတာ”
ဆရာမနှင့် နုနုတို့သည် ပုံပြင်သဖွယ် နားထောင်ကောင်းနေကြသည်။

“နိုင်ငံခြားသုံးငွေ ချွေတာရတာလို့ ဆိုတာပါ ပဲကွယ်။ အနွေးထည်၊ အ၀တ်အစား၊ ဆေး၊ ဆေးဝါးပစ္စည်းမှအစ ရှားပါးကုန်တော့တာပေါ့”

ယနေ့ ဈေးကွက် ဖွင့်လိုက်သော အခါတွင် စူပါမတ်ကက်၊ မီနီမတ်တွေ သာမက
ဈေးထဲမှာ ဖောခြင်းသောခြင်း။ ပိုက်ဆံရှိလျှင် ၀ယ်လိုက် ရုံပင်။ နွေးအိသည်
ကိုရီးယား ဇာတ်ကား အပြီးမှာ တီဗွီ ခလုတ်ကို ပိတ်လိုက်ပြီး ခင်မနှင့်အတူ
အိမ်ပြန်ရန် အခန်းဝသို့ ထွက်နှင့်သည်။

ခင်မကမူ ဗဟုသုတအလို့ငှာ အနည်း အကျဉ်း ပြောပြချင်သေးသည်။
“အန်တီ အိမ်ထောင်ကျပြီးလောက်မှာ မှောင်ခိုခေတ် ဖြစ်လာတယ်။ တီဗွီတို့၊
ကက်ဆက် တို့လည်း စ၀င်လာတယ်၊ အဖြူအမည်း ကြည့် ရရင်ပဲ ဟုတ်လှပေါ့”

ဆရာမတို့၊ နုနုတို့အတွက် မှောင်ခိုခေတ် ဆိုတာလည်း လက်လှမ်းမမီအောင် နောက်ကျန် ရစ်ခဲ့ပါပြီ။
“အန်တီတို့ခေတ်ကျတော့ ဇိမ်ခံပစ္စည်း မသွင်းတော့ဘူးလေ။ အစစအရာရာ ခွဲတမ်းနဲ့
သမ၀ါယမဆိုင်၊ ပြည်သူ့ဆိုင်တွေမှာ ဆန်၊ ဆီ၊ သကြား၊ နို့ဆီ ၀ယ်ကြရတာ။
အဲဒါတော့ မီကြတယ် မဟုတ်လား ”

“ဆီစာအုပ်လို့ ခေါ်တယ်လေ”
ဟု အဘွားက ထောက်ပေးသည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဆီစာအုပ်၊ တစ်ခါတလေဆို ညကတည်းက သွားထပ်ထား ရတာ၊
အကြုံနဲ့ ထည့်လိုက်တဲ့ အခါလည်း ရှိတယ်” ဟု သူနာပြုက အားတက်သရော
ဝင်ပြော သည်။ အသက်နည်းနည်း ပိုငယ်သော နုနုသည် ဆရာမလိုလည်း မိသားစု
စားဝတ်နေရေးမှာ ပါဝင်ရဖူးပုံ မရ။ ပြီးခဲ့သော ဆယ်စုနှစ် မတိုင်မီကလေးကို
မီလိုက်သည့် အတွက်လည်း သူမသည် နွေးအိ ထက်မူ အသိအမြင်ကြွယ်ပါသေးသည်ဟု အား
ရှိသွားလေသည်။ အားလုံးထဲမှာ အတွေ့အကြုံ အကြွယ်ဝဆုံး ဖြစ်သော ဒေါ်ရေးမြိုင်က
သူမ၏ ကြုံဆုံခဲ့ ဖူးသမျှထဲက အချို့ကို လက်ဆင့် ကမ်းခဲ့ချင်သေး သည်။

“ရတဲ့ဆန်ခွဲတမ်း ဇီယာက နည်းနည်းအေးရင် မာတော့တာ၊ အဲဒါကို ရောင်းလိုက်ပြီး
ပိုက်ဆံ ထပ်ဖြည့်မှ ဧည့်မထ ၀ယ်နိုင်တယ်။ ဒါမှ ခင်မတို့ မောင်နှမတွေ အတွက်
ထမင်းဘူး ထည့်ရတာ အမြင်လှတာပေါ့”

“အဲဒီတုန်းက ကြက်သား တစ်ပိဿာ ဘယ်ဈေးလဲ အဘွား”

“အင်း... နှစ်ပေါင်း ငါးဆယ်၊ ခင်မတို့ ငယ်ငယ်တုန်းက ဆိုပါတော့၊ နှစ်ဆယ်လောက်ပဲ ပေးရတယ်”
ခင်မက ခေါင်းညိတ် ထောက်ခံသည်။

“ဟုတ်မှာပေါ့အမေ၊ ခင်မ အိမ်ထောင်သည် ဖြစ်လာတော့ အရင်လေးဆယ်လောက်ပေါ့၊ ကြက်တစ်ပိဿာကို နှစ်ရာ၊ နှစ်ရာ့ငါးဆယ် ဖြစ်သွားပေါ့”

“ရွှေဈေးကျတော့ကော အန်တီ”
ဟု ဆရာမကလေးက မေးသည်။

“အန်တီအိမ်ထောင်ကျစ အရင်နှစ်ပေါင်းလေးဆယ်တုန်းက တစ်ကျပ် သား ၄၀၀၊ နွေးအိအမေ တက္ကသိုလ်ရောက်တဲ့အချိန်ကျတော့ ၇၀၀၀ ကျော်ပေါ့“

“အဲဒါ အရင်နှစ်ပေါင်း သုံးဆယ်ပေါ့နော်၊ တစ်နေ့က ရွှေဆိုင်မှာ မေးကြည့်တာ ၆
သိန်းတဲ့ အဘွား၊ အေးမာတော့ ရွှေစိတ်ကူးတောင် မယဉ်ရဲတော့ ပါဘူး”


အခုလို အဘွားထံတွင် နေ့ရောညပါ အလုပ်ရပြီး နေစရိတ်၊ စားစရိတ်၊ အ၀တ်အထည်
စရိတ် မကုန်ကျသည့်တိုင် အေးမာ၏ တစ်လ စုငွေသည် ကျပ် ၁၂၀၀၀၀ မျှရှိမည်။
တစ်နှစ်ဆို ၁၄၄၀၀၀၀။ ရွှေ ၂ ကျပ်သားကတော့ တိန်တိန်မြည်နေပြီ။
“ဆရာမက ညည်းရတယ်ရှိသေး၊ နုနုဆို မူးလို့တောင်ရှူနိုင်မှာ မဟုတ်ဘူး”

နုနု ဆိုလျှင်ကား သူမ၏ လစာငွေ ၂၀၀၀၀ မျှနှင့်ဆိုလျှင် နှစ်နှင့် ချီ
စုဆောင်းတာတောင်မှ ရွှေ ၃ မူးသားလောက် အသားတင် ရနိုင်ပေလိမ့်မည်။ အမေတောမှ
တက်လာပြီး ခြောက်လစာနှစ်ချုပ်နှင့် ကြိုတင်ထုတ်သွား ပြန်ုလျှင်ဖြင့်
ဖန်စီဟု နွေးအိပင် ခေါ်တတ်နေသော ကော်ကြိုး ပုလဲကြိုး ရွှေတုတွေနှင့်သာ အလှဆင်
ပြင်သွားရဦးမှာပါပဲ။

ဆရာမနှင့် နုနုသည် ရွှေဈေးကို တွက်ချက်ရင်း ခေါင်းစားနေကြ ပြန်တော့သည်။
“ဘွား၊ နွေးအိ အိမ်စာလုပ်ရဦးမယ်”

မြေးက တင်ပါးကို အသာကုတ်ပြီး သတိပေးသည်။
“ဟုတ်ပါရဲ့၊ ပြန်မယ်၊ ပြန်မယ်၊ နောက်တစ်နေ့မှ အဘွားတို့တုန်းက ဈေးကွက်နဲ့ ခုခေတ်ဈေးကွက်နဲ့ ဘာကွာလဲ ကြည့်ကြတာပေါ့”

“နွေးအိတို့ ခေတ်ဆိုပါတော့နော်”
နုနုက ရယ်မောနေသည်။

“ဟောတော်၊ အဘွားကို ရေနွေးဖတ် တိုက်ဖို့ အေးကုန်တော့မယ် နုနုရေ၊ ရေနွေး ထပ်ရောဦးမှ”
ဆရာမ ထိတ်ထိတ်ပျာပျာ သတိရလာသည်။

“အဘွားဆေးသောက်ဖို့၊ မျက်စဉ်းခတ်ဖို့ အကုန်နောက်ကျ ကုန်ပါပြီ၊ ဒုက်္ခပါပဲ”
ဒေါ်ရေးမြိုင်က နှစ်သိမ့်သည်။

“ငါးမိနစ်ပါပဲကွယ်၊ ရေနွေးဖတ်တိုက်မှာဆိုတော့ သိပ်ကြာမှာ မဟုတ်ပါဘူး၊ အဆင်ပြေပါသေးတယ်”
အဘွားနှင့် လိုက်ပါသွားသော နွေးအိက မေးခွန်းထုတ်နေသည်။

“ညနေကျရင် အိုးရှင်းမှာ ပီဇာ သွားစားကြမယ်နော် ဘွား”
နွေးအိ၏ အသံသည် စေ့သွားသော အခန်းတံခါးနှင့် အတူ တိုးတိတ် ပျောက်ကွယ်သွားတော့၏။




မြနှောင်းညို
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
avatar
Admin
Admin

Posts : 53
Join date : 2011-01-31
Age : 26
Location : Yangon,Myanmar

http://friendworld.friendhood.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum